တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား
စက်တင်ဘာ ၂၁ ရက်က ဝယ်လမင်တန်မြို့တွင် Quad အစည်းအဝေးအတွင်း မိုဒီ၊ အယ်လ်ဘန်းနိစ်၊ ဘိုင်ဒင်နှင့် ကီရှီဒါ (ဝဲမှယာ)  တို့ကိုတွေ့ရစဉ်(Photo:AFP)
စက်တင်ဘာ ၂၁ ရက်က ဝယ်လမင်တန်မြို့တွင် Quad အစည်းအဝေးအတွင်း မိုဒီ၊ အယ်လ်ဘန်းနိစ်၊ ဘိုင်ဒင်နှင့် ကီရှီဒါ (ဝဲမှယာ)  တို့ကိုတွေ့ရစဉ်(Photo:AFP)
Published 22 September 2024

ရန်လိုသည့် တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်က သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ ခေါင်းဆောင်များကို စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့ပြီး ထိုသို့ပြောကြား ချိန်တွင် မိုက်ဖွင့်ထားသည်ကို မသိဘဲ ပြောကြားခဲ့ခြင်းဖြစ်သဖြင့် ထိုအစည်းအဝေးတွင် တရုတ်အား နာမည်တပ်ပြောကြားမှုကို ဂရုတစိုက်ရှောင်ရှားမည်ဟု ကြေညာထားသည့်  ကြေညာချက်ကို လျော့ပါးစေခဲ့သည်။

ဘိုင်ဒင်သည် ၎င်း၏ မွေးရပ်မြို့ဖြစ်သည့်  ဒယ်လာဝဲပြည်နယ် ဝယ်မင်တန်မြို့တွင် အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ်တို့နှင့် ပြုလုပ်သည့် Quad အစည်းအဝေးဖွင့်ပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရုတ်က ဒေသတွင်း ကျွန်တော်တို့ အားလုံးကို အကဲစမ်းနေပါတယ်”ဟု ဘိုင်ဒင် က တံခါးပိတ်ဆွေးနွေးပွဲတွင် ပြောကြားရမည့် မှတ်ချက်စကားများကို မိုက်ဖွင့်ပြီး ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင်းပင်သည် ပြည်တွင်းစီးပွားရေး စိန်ခေါ်မှုများကို အာရုံစိုက်နေပြီး သူ့ကိုယ်သူ  သံတမန်ရေးအရ နေရာလွတ်ရှာဖွေရန် ကြိုးပမ်းနေချိန်တွင် တရုတ်၏ အကျိုးစီးပွားများအတွက် ရန်လိုသည့်ပုံစံဖြင့် လုပ်ဆောင်နေသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

သို့သော် ဧပြီလအတွင်းက ရှီနှင့်ဖုန်း ဆက်သွယ်ပြောဆိုမှုအပါအဝင် မကြာသေးမီက တင်းမာမှုများ လျှော့ချရန်အမေရိကန်၏ တက်ကြွသည့် အားထုတ်ကြိုးပမ်းမှုများသည်  ပဋိပက္ခကို ဟန့်တာစေရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုမှတ်ချက်စကားများကို လျှို့ဝှက်ပြောကြားရမည့်အစား မိုက်ဖွင့်ပြီး လူသိရှင်ကြား ပြောကြားခဲ့ခြင်းဖြစ်သဖြင့် အစည်းအဝေးအတွင်း လေးနိုင်ငံစလုံး၏ သံတမန်ရေးဆိုင်ရာ ဂရုစိုက်ဆောင်ရွက်ရသည့် အားထုတ်ကြိုး ပမ်းမှုများကို လျော့ကျစေသည့် မမှားသင့်သည့် အမှားတစ်ခုဖြစ်ခဲ့သည်။

အစည်းအဝေးအပြီး ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ချိန်တွင် ခေါင်းဆောင်လေးဦးစလုံးက တရုတ်ကို တိုက်ရိုက်အမည်တပ်ခြင်းမရှိဘဲ ၎င်းတို့၏ နယ်စပ်ဒေသများတွင် တင်းမာမှုများ မြင့်တက်လာမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်များတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မိမိတို့အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ဗိုလ်ကျခြိမ်းခြောက်သည့် လုပ်ဆောင်မှုများကို ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အရှေ့တရုတ်ပင်လယ်တွင်လည်း တရုတ်နှင့်ဂျပန်အကြား ကျွန်းစုများပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ ကာလကြာရှည် မြင့်တက်ခဲ့သည်။

ထို့ပြင် နိုင်ငံရေးအခြေအနေမည်သို့ ရှိနေသည်ဖြစ်စေ Quad အဖွဲ့သည် ဆက်လက် တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း ဘိုင်ဒင်က  ပြောကြားခဲ့သည်။

“စိန်ခေါ်မှုတွေရှိလာပြီး ကမ္ဘာကြီးက ပြောင်းလဲလာမှာဖြစ်ပေမယ့် Quad အဖွဲ့ကတော့ ဆက်ရှိနေမှာပါ”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။လာမည့်နှစ်တွင် Quad ၏ အလှည့်ကျ ဥက္ကဌတာဝန်ကို ရရှိမည့်အိန္ဒိိယနိုင်ငံ၏ ဝန် ကြီးချုပ်မိုဒီကလည်း Quad အဖွဲ့သည် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

                  

Most Read

Most Recent