နိုဝင်ဘာ ၂ ရက်က အီရန်တက္ကသိုလ်ကျောင်းတစ်ခုတွင် ကျောင်းသူတစ်ဦးအဝတ်ချွတ်ကာ အတွင်းခံဖြင့်ဆန္ဒပြခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရပြီး ယင်းကျောင်းသူကိုပြန်လွှတ်ပေးရန် ယခု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အမ်နက်စတီအင်တာနေရှင်နယ်က တောင်းဆိုထားသည်။
မြို့တော်တီဟီရန်ရှိ အစ္စလာမ်မစ်အဇတ်တက္ကသိုလ်တွင် အဟူဒါယာအီဆို သူမိန်းကလေးက စည်ကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ခေါင်းခြုံပဝါကိစ္စအတွက် အငြင်းအခုံဖြစ်ကြပြီးသည့်နောက် အဝတ် ချွတ်ဆန္ဒပြကာ ကျောင်းဝင်းထဲနေပြခဲ့သည်။
ကျောင်းဘက်ကမူ ယင်းကျောင်းသူသည် စိတ်ဖိစီးမှုများနေသူ ၊ စိတ်ကျန်းမာရေးမကောင်းသူဟုဆိုပြီး ဆေးရုံသို့ပို့လိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။သို့သော်၎င်းတွင် စိတ်ကျန်းမာရေးပြဿနာမရှိဟု သတင်းပေးများ က Sky News သို့ပြောသည်။
အွန်လိုင်းပေါ်ပျံ့နှံ့လာသည့် ှဗီဒီယိုများ၌ ဒါယာအီသည် ဖမ်းဆီးခံရပြီးနောက် ကားတစ်စီးဖြင့်ပါသွားသည်ကိုတွေ့ရသည်။ အမ်နက်စတီအဖွဲ့က ဒါယာအီအားအမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။
အီရန်တွင် ခေါင်းခြုံပဝါဝတ်စုံပြည့်ဝတ်ဆင်ရမည် ၊ ကိုယ်ကျပ်အဝတ်အစားများဝတ်ခွင့်မရှိစသဖြင့် အမျိုးသမီးများဝတ်စားဆင်ယင်မှုပုံစံကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ထားသည်။ကုလသမဂ္ဂရှိ အီရန်နိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မိုင်ဆာတို က ယခုကျောင်းသူ ကိစ္စကိုသေချာစောင့်ကြည့်နေကြောင်း ၊ အာဏာပိုင်များ၏အဆုံးအဖြတ်ကို စောင့်ကြည့်နေကြောင်း ပြောဆိုထားသည်။
လူသိများသည့် အီရန်တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကလည်း အီရန်အစိုးရသည် အမျိုးသမီးများ၏ခန္ဓာကိုယ်နှင့်ပတ်သက်လျှင် အချိန်ပြည့်ချုပ်ကိုင်နေသည့်အတွက် ကျောင်းသူဒါယာအီက ၎င်း၏ခန္ဓာကိုယ်ဖြင့်ဖီဆန်ပြလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
အီရန်မှထွက်ပြေးလာသည့် ကနေဒါအခြေစိုက် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အဇမ်ဂျန်ရာဗီက ၎င်းအလှည့်တုန်းကလည်း ခေါင်းခြုံပဝါကိစ္စကြောင့်ပင် အဖမ်းခံခဲ့ရပြီး စိတ်ပုံမှန်မဟုတ်သူပါဟု မိသားစုအား ဖိအားပေးထွက်ဆိုခိုင်းကြောင်း ဖွင့်ဟထားသည်။ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရပြီးနောက် ၎င်းက အီရန်မှထွက်ပြေးခဲ့သည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အီရန်နိုင်ငံသူ နာဂျစ်မိုဟာမာဒီက ကျောင်းသူဒါယာ အီကိစ္စကို အတော်လေးစိတ်ပူသည်ဟု ပြောဆိုနေပြီး အာခံဆန္ဒပြမှုအတွက် အမျိုးသမီးများပေးဆပ်နေရသော်လည်း ခေါင်းငုံ့ နောက်ဆုတ်လိုက်မည်မဟုတ်ဟုပြောသည်။ လက်ရှိတွင်၎င်းကိုယ်တိုင်လည်း ထောင်ကျနေသည်။
၂၀၂၂ ခုနှစ်က ခေါင်းခြုံပဝါကိစ္စဖြင့် စည်းကမ်းမလိုက်နာဟုဆိုကာ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးသွားခဲ့သည်။ မာဆာအာမီနီဆိုသူ မိန်းကလေးသေဆုံးမှုသည် အီရန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်လာစေပြီး အလွှာစုံ ၊ လူမျိုးစုံက ပါဝင်ဆန္ဒပြခဲ့ကြသည်။အာဏာပိုင်များက အာမီနီသည်ရုတ်တရက်နှလုံးပြဿနာကြောင့် သေဆုံးခြင်းဖြစ်သည်ဟု လိမ်ညာထုတ်ပြန်ခဲ့ပြီး မျက်မြင်တွေ့ သူများကမူ ၎င်းကိုရဲကားဖြင့်ဖမ်းခေါ်သွားစဉ် ကားထဲရိုက်နှက်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြသည်။
Ref: Sky News