အမေရိကန်နှင့်တရုတ် ခင်မင်ရင်းနှီးစွာဆက်ဆံရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင် ပြောကြား

အမေရိကန်နှင့်တရုတ် ခင်မင်ရင်းနှီးစွာဆက်ဆံရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင် ပြောကြား
Photo-Reuters
Photo-Reuters
Published 7 November 2024

အမေရိကန်နှင့်တရုတ်အကြား ခင်မင်ရင်းနှီးစွာဆက်ဆံရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်နယ်ထရန့်ကို နိုဝင်ဘာ ၆ ရက်ကပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ထရန့်၏ သမ္မတရွေးကောက်ပွဲအနိုင်ရရှိသည့်သတင်းသည် အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် မရေရာမှုများပြည့်နေသည့် ခေတ်သစ်တစ်ခု၏နိမိတ်အဖြစ်လည်း ရှုမြင်ခံခဲ့ရသည်။

ထို့ပြင် မကြာသေးမီနှစ်များအတွင်း ကုန်သွယ်ရေးမှအစ ထိုင်ဝမ်အရေးအဆုံး တင်းမာမှုများမြင့်တက်ခဲ့ပြီး ဆိုးရွားခဲ့သည့် အမေရိကန်-တရုတ်ဆက်ဆံရေးတွင် ပြောင်း လဲမှုတစ်ခုဖြစ်လာနိုင်သည့် နိမိတ်တစ်ခု လည်းဖြစ်သည်။

ရှီသည် ထရန့်ကို ဂုဏ်ပြုစကားပြော ကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်နှင့် အမေရိကန် အကျိုးအမြတ်များ ရရှိခဲ့ကြောင်းနှင့် ထိပ်တိုက်တွေ့မှုကြောင့် ဆင်းရဲဒုက္ခများခံစားခဲ့းရသည့် သမိုင်းရှိ ကြောင်း ထောက်ပြပြောဆိုခဲ့သည်ဟု CCTV ရုပ်သံက ဖော်ပြခဲ့သည်။

“တည်ငြိမ်၊ ကောင်းမွန်ပြီး ရေရှည်တည် တံ့တဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ပြီး နိုင်ငံ တကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီနေပါတယ”ဟု ရှီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်အကြား ဆွေးနွေးမှုနှင့် ဆက်သွယ်ရေးကို  ပိုမိုတိုးမြှင့်ရန်နှင့်  မတူကွဲပြားမှုများကို  သင့်တင်လျောက်ပတ်စွာ စီမံခန့်ခွဲရန် ရှီက တိုက်တွန်းခဲ့သည်။

ကမ္ဘာကြီးနှင့် မိမိတို့နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် ယခုခေတ်သစ်ကာလတွင် ခင်မင်ရင်းနှီးစေရန် မှန်ကန်သည့် နည်းလမ်းတစ်ခုရှာဖွေရမည်ဟု ရှီက ပြောကြားခဲ့ သည်။

ရီပတ်ဘလစ်ကန် ထရန့်နှင့် ၎င်း၏ဒီမိုကရက်တစ်ပြိုင်ဘက် ကာမလာဟဲရစ်တို့သည် တရုတ်အပေါ် တင်းကျပ်စွာဆက်ဆံသွားမည်ဟု ကတိပြုခဲ့သည်။

သို့သော် ထရန့်က တရုတ်အပေါ်သဘောထားပိုမိုတင်းမာခဲ့ပြီး အမေရိကန်သို့ တင်ပို့လာသည့် တရုတ်ကုန်စည်များအားလုံးအပေါ် အခွန် ၆၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။

ထရန့်၏ အစီအစဉ်သည် ဒေါ်လာ ၅၀၀ ဘီလျံတန်ကြေးရှိသည့် တရုတ်၏ပို့ကုန်များကို အထိနာစေလိမ့်မည်ဟု PineBridge Investments ကုမ္ပဏီက ခန့်မှန်းထုတ်ပြန်ခဲ့ သည်။

ထရန့်ရွေးကောက်ခံခဲ့ရပြီး နောက် ပထ မဆုံးပြောကြားခဲ့သည့် ရှီ၏ အမှာစကားတွင်  နှစ်နိုင်ငံစလုံးသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ် ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံမူများကို ကိုင်ဆွဲသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ဒုတိယသမ္မတ ဟန်ကျန်းကလည်း အမေရိကန်ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ဂျေဒီ ဗန့်စ်ကို ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း CCTV က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လည်း နိုဝင်ဘာ ၅ ရက်တွင် ထရန့်ရွေးကောက် ခံခဲ့ရမှုအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ သည်။

“ကျွန်မတို့ဟာ အမေရိကန်ပြည်သူတွေ ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ ပြီးတော့ သမ္မတအဖြစ်ရွေးကောက်ခံရတဲ့ မစ္စတာ ထ ရန့်ကို ဂုဏ်ပြုပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ အ တူယှဉ်တွဲနေထိုင်ရန်မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို အပြန်အလှန်လေးစားမှု၊ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရေးမူများအပေါ် အခြေခံပြီး ချဉ်းကပ်ဆောင်ရွက်သွားမည်ဟု မော်က ပြောကြားခဲ့သည်။

Ref;AFP