မန်ယူဂိုးသမား အိုနာနာက လက်ရှိတွင် အသင်း၏ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသည့် နစ္စတယ်ရွိုင်းအား နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိရန် အသင်းနည်းပြသစ် အာမိုရင်မ်ကို တိုက်တွန်းပြောကြားခဲ့သည်။
မန်ယူအသင်း၏ အထင်ကရတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် နစ္စတယ်ရွိုင်း သည် ယခုနှစ် ဇူလိုင်လကမှ တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် မန်ယူအသင်းသို့ ပြန်ရောက်လာသူဖြစ်သည်။ သို့သော် ယခုရာသီတွင် မန်ယူအသင်း အနေဖြင့် ရလဒ်များဆိုးရွားနေသည့်အတွက် အသင်းနည်းပြ တန်ဟက်ဂ်မှာ အောက်တိုဘာ ၂၈ ရက်တွင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
မန်ယူအသင်းသည် တန်ဟက်ဂ်အား ရာထူး မှထုတ်ပယ်ပြီးနောက် ၎င်း၏လက်ထောက် နည်းပြဖြစ်သူ နစ္စတယ်ရွိုင်းအား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ မန်ယူအသင်းသည် နိုဝင်ဘာ ၁ ရက်တွင် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်အား အသင်းနည်းပြအဖြစ် နှစ်နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်တွင် အသင်းကိုစတင်ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။
နစ္စတယ်ရွိုင်းမှာ အာမိုရင်မ် မရောက်မီ အထိ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် လေးပွဲ ကိုင်တွယ်ခွင့်ရထားပြီး သုံးပွဲကိုင်တွယ်ခဲ့ရာတွင် ရှုံးပွဲမရှိဘဲ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။ နစ္စတယ်ရွိုင်းသည် မန်ယူအသင်း ၏ယာယီနည်းပြအဖြစ် ယနေ့ည ကစားမည့် လက်စတာအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို နောက်ဆုံးကိုင်တွယ်ခွင့်ရမည်ဖြစ်သည်။ နစ္စတယ်ရွိုင်းက နည်းပြသစ် အာမိုရင်မ် ရောက်ရှိလာချိန်တွင် ၎င်း၏အနာဂတ် မည်သို့ဖြစ်မည်ကို မသိရှိသော်လည်း ၎င်းအနေဖြင့် အသင်းကို မည်သည့်ရာထူးဖြင့်ဖြစ်စေ ကူညီပေးရန် အသင့်ရှိနေကြောင်း ပြောကြားထားသည်။
ယခုအခါ မန်ယူဂိုးသမား အိုနာနာက အသင်းနည်းပြသစ် အာမိုရင်မ်အား လက်ရှိ ယာယီနည်းပြဖြစ်သူ နစ္စတယ်ရွိုင်းကို ၎င်း၏ နည်းပြအဖွဲ့တွင် ဆက်လက်ခန့်ထားရန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ နစ္စတယ်ရွိုင်းအား အသင်းတွင် ဆက်ရှိစေချင်သလားဟု မေးမြန်းမှုကို အိုနာနာက "သေချာတာပေါ့။ ရာနှုန်းပြည့်ပါပဲ။ သူက လူကောင်းတစ်ဦးဖြစ်သလို နည်းပြကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူ မန်ယူကို ရောက်ကတည်း က ကျွန်တော်တို့ကို အများကြီးကူညီပေးနေတာပါ။ သူက အတွေ့အကြုံတွေအများကြီးရှိပြီး ကျွန်တော်တို့ကိုလည်း အကြံတွေအများကြီးပေးနိုင်တယ်။ သူ ဒီရောက်ကတည်းက အကောင်းဆုံးလုပ်ဆောင်ခဲ့တာပါ။ သူ့ကို နည်းပြအဖြစ် ကျွန်တော်တို့ ရက်အနည်းငယ် တွေ့ခွင့်ရခဲ့တယ်။ သူ လုပ်နေတာတွေက အရမ်းကောင်းပါတယ်။ သူ့ကို အသင်းမှာဆက်ရှိစေချင်ပေမဲ့ ဒါက ကျွန်တော် ဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ပါဘူး။ အသင်းကပဲ ဆုံးဖြတ်မှာပါ။ အသင်းက အကောင်းဆုံး ဆုံးဖြတ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။