ပြက္ခဒိန်တစ်နှစ်အတွင်း ရိုးမားအသင်း၏ (၄)ဦးမြောက်နည်းပြအဖြစ် ရာနီရေးရီ မှတ်တမ်းဝင်ခဲ့ပြီး ရာသီကုန်အထိ ကိုင်တွယ်သွားရန် သဘောတူညီမှုရရှိ

ပြက္ခဒိန်တစ်နှစ်အတွင်း ရိုးမားအသင်း၏ (၄)ဦးမြောက်နည်းပြအဖြစ် ရာနီရေးရီ မှတ်တမ်းဝင်ခဲ့ပြီး ရာသီကုန်အထိ ကိုင်တွယ်သွားရန် သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 14 November 2024

ရိုးမားအသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၀)ရက်နေ့က ခရိုအေးရှားလူမျိုးနည်းပြ အိုင်ဗန်ဂျူရစ် (၄၉ နှစ်) အား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် အသင်းအား (၂)ကြိမ်ကိုင်တွယ်ခဲ့ဖူးသည့် အီတလီလူမျိုးဝါရင့်နည်းပြကြီး ရာနီရေးရီအား ယခုရာသီကုန်အထိခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး ပြက္ခဒိန်တစ်နှစ်အတွင်း အသင်း၏ (၄)ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

အသက် (၇၃)နှစ်အရွယ်ရှိပြီဖြစ်သည့် ၀ါရင့်နည်းပြ ရာနီရေးရီသည် နည်းပြဘဝတစ်လျှောက် ကာဂလီယာရီ၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ ပါးမား၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဆမ်ဒိုးရီးယားအစရှိသည့် စီးရီးအေကလပ်အသင်းများစွာအပါအဝင် ကလပ်အသင်းပေါင်း (၂၀)အထိကိုင်တွယ်ခဲ့ဖူးပြီး ရိုးမားအသင်းကိုလည်း (၂)ကြိမ် (၂၀၀၉-၁၁၊ ၂၀၁၉)ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

ထို့ပြင် ရာနီရေးရီသည် ၂၀၂၄ ခုနှစ်တွင်း ရိုးမားအသင်း၏ (၄) ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းနှင့်အတူ ဆုဖလားများရယူသွားရန် ပစ်မှတ်ထားနေကြောင်း Football Italia ကဖော်ပြခဲ့သည်။

ရိုးမားအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် အသင်းကစားသမားဟောင်းဖြစ်သူ ဒီရော့ဆီအား အစားထိုးခန့်အပ်ခဲ့သည်။

ထို့နောက် ဒီရော့ဆီအား စက်တင်ဘာလအတွင်း ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဂျူရစ်အား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဂျူရစ်အား ရလဒ်ဆိုးများကြောင့်ထပ်မံထုတ်ပယ်ခဲ့ပြီး ရာနီရေးရီအား နည်းပြသစ်အဖြစ်ခန့်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ရာနီရေးရီနှင့် ရိုးမားအသင်းတို့၏စာချုပ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိဖြစ်သည်။

Most Read

Most Recent