ရီးယဲလ်အသင်း၏ လာလီဂါရှုံးပွဲမရှိမှတ်တမ်းမှာ (၄၁)ပွဲဆက်တိုက်အထိ ရှိလာခဲ့ပြီး ဘာစီလိုနာ၏ စံချိန်ကိုလိုက်မီရန် (၂)ပွဲသာလိုအပ်

ရီးယဲလ်အသင်း၏ လာလီဂါရှုံးပွဲမရှိမှတ်တမ်းမှာ (၄၁)ပွဲဆက်တိုက်အထိ ရှိလာခဲ့ပြီး ဘာစီလိုနာ၏ စံချိန်ကိုလိုက်မီရန် (၂)ပွဲသာလိုအပ်
Photo: AS
Photo: AS
Published 7 October 2024

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ဗီလာရီးယဲလ်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ၂၀၂၄-၂၅ ရာသီ စပိန်လာလီဂါပွဲစဉ် (၉)အပြီးတွင် အသင်း၏ လာလီဂါရှုံးပွဲမရှိမှတ်တမ်းမှာ (၄၁)ပွဲဆက်တိုက်အထိရှိလာခဲ့ပြီး မဟာပြိုင်ဘက် ဘာစီလိုနာအသင်း၏ လာလီဂါသမိုုင်းတစ်လျှောက် အရှည်ကြာဆုံးပွဲဆက်ရှုံးပွဲမရှိစံချိန် (၄၃)ပွဲကိုလိုက်မီရန် (၂)ပွဲသာလိုအပ်တော့ကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း နောက်ဆုံးရှုံးနိမ့်ခဲ့သော လာလီဂါပွဲစဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၅)ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၃-၂၄ ရာသီ စပိန်လာလီဂါပွဲစဉ် (၆) အက်သလက်တီကို (၃-၁)ရီးယဲလ်မက်ဒရစ်ပွဲစဉ်ဖြစ်ပြီး ယင်းနောက်ပိုင်းကစားခဲ့သည့် လာလီဂါပွဲစဉ် (၄၁)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ရှုံးပွဲမရှိခဲ့သည့် လာလီဂါပွဲစဉ် (၄၁)ပွဲတွင် (၃၀)ပွဲအထိအနို်င်ရရှိခဲ့ပြီး သရေ (၁၁)ပွဲနှင့် Clean Sheet (၂၃)ပွဲအထိရရှိကာ ဂိုးမသွင်းနိုင်သည့်ပွဲ (၂)ပွဲသာ ရှိခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ (၄၁)ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းနှင့်အတူ ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီလာလီဂါချန်ပီယံဆုကိုရယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း ပွဲစဉ် (၉)အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှ ဘာစီလိုနာကိုကျော်ဖြတ်ကာ ချန်ပီယံဆုအတွက် ရေပန်းစားနေကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ရှုံးပွဲမရှိစံချိန်တင်ထားသည့် ဘာစီလိုနာအသင်းမှာ နည်းပြဟောင်း အန်နရီကေးနှင့် ဗယ်လ်ဗာဒီတို့လက်ထက် ၂၀၁၆-၁၇ ရာသီ (၇ ပွဲ)နှင့် ၂၀၁၇-၁၈ ရာသီ (၃၆ ပွဲ)တို့တွင် (၄၃)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားကာ စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘာစီလိုနာအသင်း၏ ပွဲဆက်အများဆုံးရှုံးပွဲမရှိစံချိန်အား လိုက်မီရန် (၂)ပွဲနှင့် ကျော်ဖြတ်နိုင်ရန် (၃)ပွဲသာလိုအပ်တော့ပြီး အောက်တိုဘာ (၂၇) ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဘာစီလိုနာနှင့် လာလီဂါပွဲစဉ်မှာ ရီးယဲလ်အတွက် ဘာစီလိုနာ၏စံချိန်အား လိုက်မီနိုင်ခြင်းရှိ၊ မရှိကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent