ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က နှစ်မကုန်မီ တစ်ပွဲထိုးသတ်ဦးမည်ဟု ပရိသတ်များကို အသိပေး

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က နှစ်မကုန်မီ တစ်ပွဲထိုးသတ်ဦးမည်ဟု ပရိသတ်များကို အသိပေး
Photo: joshua van Facebook
Photo: joshua van Facebook
Published 7 October 2024

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က ယခုနှစ်မကုန်မီ တစ်ပွဲထိုးသတ်ဦးမည်ဟု ပရိသတ်များကို အသိပေးခဲ့သည်။

ကမ္ဘာ့ထိပ်တန်း MMA ပရိုမိုးရှင်းဖြစ်သည့် UFC တွင်ထိုးသတ်နေသည့် မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ပြီးခဲ့သည့်ရက်ပိုင်းက သူ၏ Facebook လူမှုကွန်ရက်မှနေ၍ ယခုနှစ်မကုန်မီ နောက်တစ်ပွဲလာဦးမည်ဟု ပရိသတ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ယခုနှစ်အစောပိုင်းက ၂၀၂၄ ခုနှစ်အတွင်း  (၄)ပွဲမှ (၆)ပွဲအထိ ထိုးသတ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားသည်။

ဂျိုရှူအာဗန်သည် ၂၀၂၄ ခုနှစ်၏ ပထမဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဇန်နဝါရီ ၁၄ ရက်က အမေရိကန်နိုင်ငံ၊  လက်စ်ဗေးဂတ်စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် UFC Fight Night ပြိုင်ပွဲတွင် ပြိုင်ဘက်  ဘရာဇီးလ်နိုင်ငံသား ဖိလစ်ပီဘူနက်စ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ဂျိုရှူအာဗန်သည်  ယင်းကဲ့သို့ အနိုင်ရအပြီး သံဆန်ခါစင်မြင့်တွင် ပြုလုပ်သည့် အင်တာဗျူး၌ ၂၀၂၄ ခုနှစ်အတွင်း(၄)ပွဲမှ (၆)ပွဲအထိ ထိုးသတ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျိုရှူအာဗန်က ''ကျွန်တော် ပွဲတွေ အများကြီးထိုးချင်ပါတယ်၊ ဒီနှစ်ထဲမှာ အနည်းဆုံး (၄)ပွဲကနေ (၆)ပွဲအထိ ထိုးသတ်ချင်ပါတယ်။ ဒန်နာဝှိုက်အနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထိုးသတ်ဖို့ အခွင့်အရေးပေးပါလို့ တောင်းဆိုချင်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျိုရှူအာဗန်သည် လက်ရှိတွင် ယခုနှစ်အတွင်း UFC ၌ သုံးပွဲထိုးသတ်ထားပြီးပြီဖြစ်ပြီး နှစ်မကုန်မီ တစ်ပွဲထိုးသတ်မည်ဆိုပါက ၎င်းတောင်းဆိုထားသကဲ့သို့ ၂၀၂၄ ခုနှစ်အတွင်း (၄) ပွဲ ထိုးသတ်ခွင့်ရရှိမည်ဖြစ်သည်။

UFC ၏ CEO ဖြစ်သူ ဒန်နာဝှိုက်သည် အသက်(၂၂) နှစ်သာရှိသေးသူ လူငယ်ဖိုက်တာ ဂျိုရှူအာဗန်၏ အရည်အသွေးပိုင်းဆိုင်ရာကို သဘောကျနှစ်ခြိုက်နေပြီး ဂျိုရှူအာဗန် တောင်းဆိုထားခဲ့သည့်အတိုင်း တစ်နှစ်အတွင်း လေးပွဲထိုးသတ်ခွင့်ရရှိအောင် စီစဉ်ပေးဖွယ်ရှိနေသည်။

ဂျိုရှူအာဗန်သည် ယခုနှစ် ဇန်နဝါရီတွင် ဘရာဇီးလ်ဖိုက်တာ ဖိလစ်ပီဘူနက်စ်ကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး  ဇူလိုင်တွင် အမေရိကန်ဖိုက်တာ ချားလက်စ်ဂျွန်ဆင်ကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ထားသည်။

ထို့နောက် ဂျိုရှူအာဗန်သည် ပြီးခဲ့သည့်စက်တင်ဘာအတွင်းက မက္ကဆီကိုဖိုက်တာ အက်ဂါချားရက်ဇ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်အနိုင်ရရှိထားသည်။

ထို့ကြောင့်  ဂျိုရှူအာဗန်သည်  ယခုနှစ်အတွင်း သုံးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ထွက်ပေါ်ထားသည်။ 

ဂျိုရှူအာဗန်သည် MMA ကစားသမားဘဝ (၁၃)ပွဲထိုးသတ်ထားရာ (၁၁) ပွဲ နိုင်၊ (၂) ပွဲ ရှုံးနိမ့်ထားသည်။

ဂျိုရှူအာဗန်သည် UFC နှင့်လက်တွဲအပြီး (၅) ပွဲထိုးသတ်ထားရာ (၄) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ရှိထားသူဖြစ်သည်။

ဂျိုရှူအာဗန်သည် လက်ရှိတွင် အသက်(၂၂)နှစ်သာရှိသေးသောကြောင့် UFC တွင် ကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်ထားသူအဖြစ် မှတ်ချက်ပြုခံထားရသည်။       

Most Read

Most Recent