ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)အား ကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ အား ကျပ် ၁၀ ဘီလျံ လျော့ချပေးရန် ဦးအောင်ဆန်းဦးဘက်မှ တရားရုံးသို့ လျှောက်ထားလွှာတင်သွင်းထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအသိုင်းမှ သိရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ခြံအမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ရန် ဒုတိယအကြိမ် သတ်မှတ်ထားသည့် လေလံကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ မှ ကျပ် ၁၀ ဘီလျံ လျော့ချ၍ ကြမ်းခင်းစျေး ကျပ်ဘီလျံ ၂၉၀ နှင့် လေလံတင်ရန်အတွက် ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သူက တရားရုံးသို့ လျှောက်ထားလွှာတင်သွင်းထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအသိုင်းမှ သိရသည်။
" လေလံဆွဲမယ့်သူမရှိရင် လျော့ကြတာပဲလေ။ လေလံဆွဲမယ့်သူမရှိရင် အသစ်တင်ပါ၊ အဲ့လို တရားရုံးက ပြောတယ်။ ကာယကံရှင် ကိုယ်တိုင်ကလည်း ဆွဲမယ့်သူမရှိရင် ဆွဲချင်စိတ်ရှိအောင် လျော့တယ်ပေါ့။ လျော့ပီးတင်တယ်ဆိုရင် ဒီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က မလျော့ပါနဲ့၊ ဒီလိုပဲ ထားပါပေါ့။ တစ်ခါချိန်းလိုက် လျော့လိုက်၊ တစ်ခါချိန်းလိုက် လျော့လိုက်နဲ့ နောက်ကျတော့ တန်ဖိုးမရှိတဲ့ဟာ ဖြစ်သွားမယ်ဆိုရင် ဘယ်ကောင်းမလဲ" ဟု ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့်နီးစပ်သူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေးအဖြစ် ကျပ်ငွေ ဘီလျံ ၃၀၀ ဖြင့် ဒုတိယအကြိမ်လေလံတင်ရောင်းချခဲ့ဖြစ်ပြီး လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)အား ပထမအကြိမ် လေလံတင်ရောင်းချပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က အဆိုပါခြံရှေ့တွင် ပြုလုပ်ခဲ့ရာတွင်လည်း လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိဘဲ လေလံပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
" လေလံဆွဲမယ့်သူမရှိရင် တရားရုံးက ဒီကြမ်းခင်းစျေးအတိုင်း ကြိုက်လား မေးတယ်။ မေးလို့ရှိရင် တရားရှုံးဘက်က ဒီအတိုင်းပဲထားပါ ပြောမှာပေါ့။ မလျော့ပါနဲ့။ ဒါ တန်ရာတန်ကြေးပဲ။ ဆွဲမယ့်သူ မရှိတာက မရှိတာပဲ။ ဆွဲမယ့်သူမရှိတိုင်း လျော့ရမယ်လို့တော့ ဥပဒေမရှိဘူး။ လေလံဆွဲမယ့်သူ မရှိလို့ လျော့တယ်ဆိုရင် လျော့ရင်း လျော့ရင်းနဲ့ တန်ဖိုးမရှိဘဲ စျေးပေါပေါကြီး ဖြစ်သွားလို့ ဘယ်ဖြစ်မလဲ။ တန်ရာတန်ကြေးတော့ ဖြစ်ရမှာပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပထမအကြိမ် လေလံတင်ရောင်းချရာတွင် ခြံအမှတ်(၅၄)အား ကြမ်းခင်းစျေးက ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြင့် သတ်မှတ်လေလံတင်ခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ခြင်း ဖြစ်သည်။
ယင်းလေလံပွဲပြီးနောက် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ၂၈၅ ဘီလျံအဖြစ် ဈေးလျှော့ပေးရန် ကမာရွတ်ခရိုင် တရားရုံးက တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တင်ပြချက်ကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တရားရုံးဘက်က နှစ်ဖက်တင်ပြချက်များကို လက်မခံဘဲ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ဘီလျံ ၃၀၀ ဖြင့် လေလံတင်ရောင်းချရန် ဇွန် ၂၇ ရက်က ကမာရွတ်ခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိသည်။
အဆိုပါခြံအမှတ် (၅၄) သည် ဒေါ်ခင် ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ယင်းခြံအား ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးးအောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက် ထားမှုအပေါ် ၂၀၁၆ ခုနှစ်၌ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် မြေတစ် ဝက်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်အား ဦးအောင်ဆန်းဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားသည်။
သို့ရာတွင် ဦးအောင်ဆန်းဦးက တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းမဟုတ်ဘဲ ခြံဝင်းတစ်ခုလုံးအား လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံတက်ခဲ့သော်လည်း ထိုစဉ်က ယခင်အမိန့်အတိုင်းသာ အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။
ထို့နောက် အမွေဆိုင်အမှုအပေါ် တရား ရုံး၏ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦး အောင်ဆန်းဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အယူခံအား ပလပ်ခဲ့သည်။
ယင်းနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အထူးအယူခံ လျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှု ကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း အမိန့်ပြန်လည်ချမှတ်ခဲ့သည်။