ထိုင်းနိုင်ငံတွင် ဆင့်ပွား ဈေးကွက်ရှာနည်းလမ်း(Multi-level marketing -MLM) နည်းလမ်းဖြင့် အလှကုန်နှင့်ကျန်းမာရေး ဖြည့်စွက်စာများ ရောင်းချရာတွင် ပြည်သူများ အမေရိကန် ဒေါ်လာသန်း ၅၀ နီးပါးဆုံးရှုံးမှုဖြင့် iCon အုပ်စုတည်ထောင်သူ အပါအဝင် ၁၈ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ဆင့်ပွားဈေးကွက်ရှာနည်းလမ်းနှင့်ပတ်သက်၍ တိုင်ကြားမှု ၅,၆၀၀ နီးပါးကိုလက်ခံ ရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က လူ ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး အကောင်းစား ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟုသိရသည်။
ရင်နှီးမြှုပ်နှံသူများသည် အနည်းဆုံး ဘတ်ငွေ ၁ ဒသမ ၆ ဘီလျံ( အမေရိကန် ဒေါ်လာ ၄၈ သန်း) ဆုံးရှုံးခဲ့သည်ဟု ထိုင်းရဲက ပြောကြားခဲ့သည်။
အများပြည်သူကို လိမ်လည်မှု၊ကွန်ပျူတာ ပြစ်မှုကို ချိုးဖောက်မှုတို့ဖြင့် စွဲချက်တင်ခံထားရသောကျူးလွန်သူဟုယူဆရသူတို့ပိုင်ဆိုင်သော ကား ၂၉ စီး၊ အိမ်သုံးလုံး၊ အကောင်းစား နာရီများအပါအဝင် ဘတ်ငွေ ၂၂၅ သန်းတန်သော ပိုင်ဆိုင်ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ဗဟိုစုံစမ်းရေးဗျူရို(CIB)က ပြောကြားခဲ့သည်။
ယခု အမှုတွင် iCon အုပ်စု ပါဝင်ပတ်သက်နေသည်ဟုရဲက ပြောကြားခဲ့သည်။iCon အုပ်စုသည် အလှကုန်ပစ္စည်းများနှင့်ကျန်းမာရေး ဖြည့်စွက်စာတို့ကို ရောင်းချရန် လူများကို စုဆောင်းခဲ့ပြီး အမြတ်ငွေ မြန်မြန်ပေါ်မည်ဟူသော ကတိဖြင့်ထိုလူများကို သင်တန်းပေးခဲ့သည်ဟု ဆိုသည်။
iCon ကုမ္ပဏီသည် ထင်ပေါ်ကျော်ကြားသူများ၏ထောက်ခံချက်များကို အသုံးပြုခဲ့ပြီး ၎င်း၏ဆိုရှယ်မီဒီယာကလည်း ဥရောပအားလပ်ရက် အပန်းဖြေနေရာများကို အများဆုံး ပြသထားသည်။
ဆယ်လီ သုံးဦးအပါအဝင် ၁၈ ဦးကို လက်ရှိအချိန်ထိ ဖမ်းဆီးထားပြီး အာမခံမပေးဟု စုံစမ်းစစ်ဆေးနေသောရဲများ၏ပြောကြားချက်အရ သိရသည်။
iCon အုပ်စု တည်ထောင်သူဝါရပ်ပိုးလ်ဝါရတ်ဝိုရာကူးလ်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးက စွဲချက်များကို ငြင်းပယ်ထားသည်ဟု ရှေ့နေ ဝီသွန်းကန်းဂျန်က ရိုက်တာကို ပြောကြားခဲ့သည်။။ ရှေ့နေ ဝီသွန်းသည် ဝါရတ်ပိုးလ်ကို ကိုယ်စားပြုနေသူဖြစ်ပြီး ၎င်း၏ဥပဒေလုပ်ငန်းက iCon ကုမ္ပဏီကို ကိုယ်စားပြုနေသည်။
"ကျွန်တော်တို့က တိုက်ရိုက် ဈေးကွက်တင်နည်းနဲ့ထုတ်ကုန်တွေကို အွန်လိုင်းကနေ ရောင်းနေတဲ့ လုပ်ငန်းအစစ်ဖြစ်တာကြောင့် အမှုကို ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်"ဟု ၎င်းကပြောကြားခဲ့သည်။ ဆင့်ပွားရောင်းချခြင်း၊တိုက်ရိုက်ရောင်းချခြင်း၊တိုက်ရိုက် ဈေးကွက်တင်ခြင်းတိူ့သည် ထိုင်းနိုင်ငံတွင် တရားဝင်သည်။ ထိုင်းကုမ္ပဏီအများစုသည် ကုန်ပစ္စည်းများကို ရောင်းချရန် အဆိုပါနည်းလမ်းများကို အသုံးပြုလျက်ရှိသည်။
Ref:Reuters
Photos:Reuters