မြန်မာနေရှင်နယ်လိဂ် ရာသီဝက်အပြောင်းအရွှေ့ကာလ အောက်တိုဘာ ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ကလပ်အသင်းအချို့ ကစားသမားသစ်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေ

မြန်မာနေရှင်နယ်လိဂ် ရာသီဝက်အပြောင်းအရွှေ့ကာလ အောက်တိုဘာ ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ကလပ်အသင်းအချို့ ကစားသမားသစ်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေ
Photo: SUFC
Photo: SUFC
Published 23 October 2024

 

မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီ ရာသီဝက်အပြောင်းအရွှေ့ကာလကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ထားပြီး ကလပ်အသင်းအချို့မှာ အပြောင်းအရွှေ့ စျေးကွက်မပိတ်မီ ကစားသမားသစ် ထပ်မံခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

MNL ပြိုင်ပွဲဝင် ၁၂ သင်းအနက် အသင်း တိုင်းနီးပါး ကစားသမားသစ်များ ခေါ်ယူအားဖြည့်ခဲ့ပြီး အသင်းအချို့မှာမူ နိုင်ငံခြားသား ကစားသမားများ ခေါ်ယူအားဖြည့်လျက်ရှိသည်။ ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်အသင်းတို့မှာ နိုင်ငံခြားသားကစားသမားသစ်များ အင်အားဖြည့်တင်းခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းမှာလည်း စျေးကွက်မပိတ်မီ နိုင်ငံခြားသားကစားသမား ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ယခုရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၁၂) အပြီးထိ နိုင်ငံခြားသား ကစားသမားအသုံးပြုနေသည့် အသင်းအရေအတွက် လေးသင်းသာရှိပြီး ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ မဟာယူနိုက်တက်နှင့် Dagon Port အသင်းသာ အသုံးပြုနေခြင်း ဖြစ်သည်။ နာမည်ကြီး ရန်ကုန်ယူနိုက်တက် အသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နိုင်ငံခြားသားကစားသမား မပါဝင်ဘဲ လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ရာသီဝက်အပြောင်းအရွှေ့ စျေးကွက်မပိတ်မီ ခေါ်ယူပါက ယခုရာသီတွင် နိုင်ငံခြားသား ကစားသမားအသုံးပြုသည့်အသင်း ငါးသင်း အထိ ရှိလာမည်ဖြစ်သည်။ 

ရခိုင်ယူနိုက်တက်အသင်းသည် ရာသီကြိုအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များစွာ အားဖြည့်ခဲ့သလို ရာသီဝက်အပြောင်းအရွှေ့ကာလတွင်လည်း ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ခေါ်ယူအားဖြည့်ထားကြောင်း သိရသည်။     ၂၀၂၀ ရာသီနောက်ပိုင်း MNL ကလပ်အသင်းများသည် ငွေသုံးစွဲမှု လျှော့ချလာသလို နိုင်ငံခြားသားကစားသမား မခေါ်ယူဘဲ ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်သည့်အသင်းအရေအတွက်လည်း များပြားလာသည်။ 

ထို့ပြင် နည်းပြချုပ်နေရာကိုလည်း ပြည်တွင်းနည်းပြများကိုသာ ခန့်အပ်လာပြီး နိုင်ငံခြားသားနည်းပြချုပ် ခန့်အပ်သည့် အသင်းအဖြစ် ပြီးခဲ့သည့်ရာသီတွင် ရန်ကုန် ယူနိုက်တက်အသင်း၊ ယခုရာသီတွင် ရှမ်းယူနိုက်တက်အသင်းသာရှိကြောင်း သိရသည်။

Most Read

Most Recent