လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် ရုရှားတစ်နိုင်ငံတည်းသား ဘီဗောလ်ကိုအနိုင်ရသည့် အာတော်ဘီတာဘိဗ် ပထမဆုံး အငြင်းပွားဖွယ်မရှိ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်လေးခုပိုင်ရှင်ဖြစ်လာ

လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် ရုရှားတစ်နိုင်ငံတည်းသား ဘီဗောလ်ကိုအနိုင်ရသည့် အာတော်ဘီတာဘိဗ် ပထမဆုံး အငြင်းပွားဖွယ်မရှိ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်လေးခုပိုင်ရှင်ဖြစ်လာ
Photo: Matchroom Boxing
Photo: Matchroom Boxing
Published 13 October 2024

 

ရုရှားလက်ဝှေ့သမားနှစ်ဦး ယှဉ်ပြိုင်ထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် အာတော်ဘီတာဘိဗ်က ဒီမီထရီဘီဗောလ်ကို အမှတ်ဖြင့် အနိုင်ယူပြီး ပထမဆုံး အငြင်းပွားဖွယ်မရှိ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်လေးခုပိုင်ရှင်ဖြစ်လာကြောင်း သိရသည်။

ယင်းပွဲစဉ်ကို အောက်တိုဘာ ၁၂ ရက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၃ ရက် နံနက်အစောပိုင်း)တွင် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ Kingdom Arena ၌ ကျင်းပခဲ့သည်။ ယခုပြိုင်ပွဲမှာ ဘီဗောလ် (၃၃ နှစ်) ၏ WBA (Super) ချန်ပီယံခါးပတ်နှင့် ဘီတာဘိဗ် (၃၉ နှစ်) ၏ WBC ၊ IBF ၊ WBO ချန်ပီယံခါးပတ်များ ပေါင်းစည်းပွဲထိုးသတ်ခြင်းဖြစ်သည်။

ရှုံးပွဲမရှိသေးသည့် ချန်ပီယံနှစ်ဦး တွေ့ဆုံသည့်ပွဲဖြစ်သောကြောင့် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ လျင်မြန်သည့်အရွေ့၊ လှုပ်ရှားမှုနှင့် လက်သီးတွဲလုံး ပေါင်းစပ်ထားသည့် ဘီဗောလ်က အစောပိုင်း အချီများတွင် ဦးဆောင်နိုင်ခဲ့ပြီး ဘီတာဘိဗ်ကလည်း ၎င်းအားသန်သည့် ပါ၀ါလက်သီးချက်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ 

ငါးချီ မြောက်တွင် ဘီတာဘိဗ်၏ ပြင်းထန်သည့် လက်သီးချက်ကြောင့် ဘီဗောလ်အထိနာခဲ့ရပြီး သက်လုံအနည်းငယ်ကျသွားသည်။ ခုနစ် ချီတွင် နှစ်ဦးစလုံး အပြန်အလှန်ထိုးသတ်နိုင်ခဲ့ပြီး နောက်ဆုံးအချီများ (၁၀၊ ၁၁၊ ၁၂) တွင်မူ ဘီတာဘိဗ်က အသာစီးရခဲ့သည်။ ၁၂ ချီ အပြီးတွင် အမှတ်ဖြင့်ဆုံးဖြတ်ရာ ဒိုင်နှစ်ဦးက ဘီတာဘိဗ်ကို ၁၁၅-၁၁၃၊ ၁၁၆-၁၁၂ မှတ် ဖြင့် အနိုင်ပေးပြီး ကျန်တစ်ဦးက ၁၁၄-၁၁၄ မှတ်ဖြင့် သရေသတ်မှတ်သောကြောင့် Majority Decision (MD) ဖြင့် ဘီတာဘိဗ်က အနိုင်ရခဲ့သည်။

ဘီတာဘိဗ်သည် ပရော်ဖက်ရှင်နယ်ပွဲစဉ် ၂၁ ပွဲထိုးသတ်ရာတွင် သရေပွဲနှင့် ရှုံးပွဲ လုံးဝမရှိဘဲ ပွဲအားလုံး အနိုင်ရထားသလို ယခုပွဲမတိုင်မီထိုးသတ်ထားသည့် ပွဲ ၂၀ ကိုလည်း အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် အမေရိကန်လက်ဝှေ့သမား ရွိုင်းဂျုံးစ်ဂျူနီယာ (၂၀၀၂) နောက်ပိုင်း ပထမဆုံး အငြင်းပွားဖွယ်မရှိ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်လာသလို ခါးပတ်လေးခု ချီးမြှင့်သည့်ကာလတွင် ခါးပတ်အားလုံးကို ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ဘီဗောလ်မှာမူ ပရော်ဖက်ရှင်နယ်ပွဲစဉ် ၂၄ ပွဲမြောက်တွင် ပထမဆုံးရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ယခင်က အလဲထိုးပွဲ ၁၂ ပွဲအပါအဝင် ၂၃ ပွဲဆက် နိုင်ပွဲရရှိမှု ရပ်တန့်ခဲ့ရသည်။

ယင်းပွဲကိုစီစဉ်သည့် ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့နှင့် အထွေထွေဖျော်ဖြေရေး အာဏာပိုင်အဖွဲ့ အကြီးအကဲဖြစ်သူ တူကီအယ်လ်ရှိတ်က "ဒါက လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အကြီးကျယ်ဆုံးပွဲစဉ်တစ်ပွဲလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒီရလဒ်ကမျှတတယ်လို့ ကျွန်တော်မထင်ဘူး။ ဒီဖိုက်တာနှစ်ယောက်က ညီအစ်ကိုလိုပါပဲ။ ဒါပေမဲ့ ဘီဗောလ်က နှစ်ချီလောက် ပိုအသာရမယ်လို့ ကျွန်တော်ထင်တယ်။ မကျေပွဲပြန်ဖြစ်အောင် ကျွန်တော် အာရုံစိုက်ပြီး ကြိုးစားသွားမှာပါ။ သူတို့သာလက်ခံရင် ကျွန်တော်တို့ စီစဉ်ဖြစ်မှာပါ" ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Most Read

Most Recent