UEFA Nations League ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 10 October 2024

အစ္စရေး နှင့် ပြင်သစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

ပြင်သစ်က အုပ်စု (၂)ပွဲပြီးချိန်မှာ (၁)ပွဲနိုင် (၁)ပွဲရှုံးထားပြီး အစ္စရေးကတော့ (၂)ပွဲစလုံး ရှုံးထားတယ်။ ဘယ်လ်ဂျီယံကို နိုင်တဲ့ပွဲမှာရော၊ အီတလီကို ရှုံးတဲ့ပွဲမှာရော ပြင်သစ်ရဲ့ ခြေစွမ်းက အားရစရာမရှိခဲ့ဘူး။ ပြင်သစ်က ခြေစွမ်းအရရော၊ The way of play အရရော နောက်ကိုပြန်စီးဆင်းနေတဲ့သဘောလည်း တွေ့ရတယ်။ အစ္စရေးက အီတလီကိုရော၊ ဘယ်လ်ဂျီယံကိုပါ ရှုံးထားပြီး (၂)ဂိုးသွင်း၊ (၅)ဂိုးပေးထားရတဲ့အသင်းဖြစ်တယ်။ လက်ရှိခြေစွမ်းအရဖြစ်စေ၊ ကစားသမားတစ်ဦးချင်း အရည်အသွေးအရဖြစ်စေ ပြင်သစ်ကို မယှဉ်နိုင်ပါဘူး။ စုဖွဲ့မှုနဲ့ ကြိုးစားကစားမှာဖြစ်ပေမဲ့ ပြင်သစ်ပဲ ကပ်နိုင်မယ်။ 

အီတလီ နှင့် ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

အီတလီက ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၃)ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး နောက်ဆုံးနိုင်ခဲ့တာက ၂၀၂၀-၂၁ Nations League ပွဲစဉ်ဖြစ်တယ်။ လက်ရှိ Form အရလည်း အီတလီအသင်းက ပိုမိုအားကောင်းတဲ့ရလဒ်နဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အီတလီအသင်းရဲ့ ခံစစ်အနေနဲ့ အမြန်နှုန်းနဲ့ ကျွမ်းကျင်မှုကို အားပြုထားတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားတွေကို ရင်ဆိုင်ဖို့ကိုတော့ တော်တော်လေးသတိပြုရမှာဖြစ်တယ်။ အီတလီအသင်းရဲ့ ခံစစ်အရည်အသွေးကြောင့် ဘယ်လ်ဂျီယံအတွက်လည်း စိန်ခေါ်မှုပါ။ အီတလီမြေမှာတော့ အီိတလီပဲ နိုင်ဖို့များတယ်။ 

အင်္ဂလန် နှင့် ဂရိ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

အင်္ဂလန်-ဂရိပွဲက ခြေစစ်ပွဲတွေရဲ့ သမိုင်းအရဆိုရင် ကြီးမားတဲ့ အမှတ်တရတွေရှိခဲ့တဲ့ ပွဲဖြစ်ပြီး ဒေးဗစ်ဘက်ခမ်ရဲ့ ပွဲချိန်ကုန်ခါနီး နောက်ဆုံးမိနစ် ဖရီးကစ်က အမှတ်တရပါ။ လက်ရှိအချိန်မှာ အင်္ဂလန်ရဲ့ခြေစွမ်းက ပုံစံကောင်းပြနေတဲ့ အနေအထားမှာရှိတယ်။ ယာယီနည်းပြ လီကာစလေရဲ့အသင်းက အိုင်ယာလန်ကိုရော ဖင်လန်ကိုပါ ၂-၀ ဆိုတဲ့ ရလဒ်တွေနဲ့အနိုင်ရထားတယ်။ ဂရိကလည်း နှစ်သင်းစလုံးကို နိုင်ထားပြီး သွင်းဂိုး ၅ ဂိုး၊ ပေးဂိုးမရှိ အင်္ဂလန်ထက်ရလဒ်ကောင်းနေတယ်။ ဒါပေမဲ့ ဒီပွဲကတော့ အင်္ဂလန်ပဲ နိုင်မှာပါ။ 

ဖင်လန် နှင့် အိုင်ယာလန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

ဖင်လန်က နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၃ ပွဲပဲနိုင်ပြီး ၆ ပွဲ ရှုံးထားတယ်။ ဒီအုပ်စုတွင်းမှလည်း အင်္ဂလန်ကိုရော ဂရိကိုပါ ရှုံးထားတာတွေ့ရတယ်။ အိုင်ယာလန်လည်း ဖင်လန်လိုပဲ နှစ်သင်းစလုံးကို ဂိုးပြတ်ရှုံးထားပြီး သွင်းဂိုးမရထားဘူး။ နှစ်သင်းစလုံးရဲ့ လက်ရှိခြေစွမ်းက အားနည်းနေတဲ့ အခြေအနေမှာ ရောက်နေတယ်။ ဒါပေမဲ့ အိုင်ယာလန်အသင်းကတော့ ဖင်လန်ထက်စာရင် ပိုကောင်းတဲ့ ကစားသမားတွေရှိနေတယ်။ စုဖွဲ့မှုမှာ ဖင်လန်က ပိုကောင်းတယ်။ အိမ်ကွင်းဖြစ်လို့ ဖင်လန် ပိုလည်း အားသာပါတယ်။ 

မော်လ်ဒိုဗာ နှင့် အန်ဒိုရာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ဥရောပရဲ့အဆင့်အနိမ့်ဆုံးတန်းမှာ မော်လ်ဒိုဗာကတော့ အန်ဒိုရာထက်စာရင် ပိုကောင်းပြီး ကမ္ဘာ့အဆင့်လည်း မြင့်ပါတယ်။ မော်လ်ဒိုဗာပဲ နိုင်မယ်။ 

သြစတြီးယား နှင့် ကာဇက်စတန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

သြစတြီးယားက လက်ရှိအချိန်မှာ ဥရောပရဲ့ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အခုအုပ်စုတွင်းမှာတော့ နှစ်ပွဲစလုံး နိုင်ပွဲပျောက်ထားတယ်။ နှစ်ပွဲစလုံးကို အဝေးကွင်း ပွဲစဉ်တွေကစားထားရပြီး ဆလိုဗေးနီးယားနဲ့ သရေ၊ နော်ဝေကို ရှုံးထားတာလည်း တွေ့ရတယ်။ ကာဇက်စတန်ကတော့ အိမ်ကွင်းမှာ နော်ဝေကို သရေကစားထားပြီး၊ အဝေးကွင်းမှာ ဆလိုဗေးနီးယားကို ဂိုးပြတ်ရှုံးထားတယ်။ သြစတြီးယားအတွက် ပထမဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ပြီး သေချာပေါက် နိုင်ပွဲရပါလိမ့်မယ်။ ဂိုးလည်း ပြတ်လိမ့်မယ်။ 

နော်ဝေ နှင့် ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

နော်ဝေနဲ့ ဆလိုဗေးနီးယားက အုပ်စုကို ဦးဆောင်နေတဲ့ အသင်းနှစ်သင်းဖြစ်တယ်။ နှစ်သင်းစလုံး တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ (၄)မှတ်စီရထားတယ်။ နော်ဝေက ကစားသမားကောင်းတွေ အများကြီးထွက်ပေါ်လာပြီး အော်ဒီဂွါ မကစားနိုင်ပေမဲ့ တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ ဆလိုဗေးနီးယားကတော့ နော်ဝေလောက် ကစားသမားအင်အားမကောင်းပေမဲ့ စုဖွဲ့မှုကောင်းတဲ့အသင်းတစ်သင်းပါ။ ဆက်စ်ကို ဦးဆောင်တဲ့တိုက်စစ်ကလည်း အားကောင်းတယ်။ နော်ဝေကွင်းဆိုပေမဲ့ သရေကျသွားနိုင်တယ်။ 

လတ်ဗီးယား နှင့် မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

မက်ဆီဒိုးနီးယားက League B ကနေ တန်းဆင်းလာတဲ့အသင်းဖြစ်ပြီး လတ်ဗီးယားထက်လည်း အများကြီးပိုတောင့်တင်းပါတယ်။ မက်ဆီဒိုးနီးယား နိုင်မယ်။ 

ဖာရိုးကျွန်းစုများ နှင့် အာမေးနီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

အာမေးနီးယားက မြောက်မက်ဆီဒိုးနီယားကို ရှုံးပြီး လတ်ဗီးယားကို ဂိုးပြတ်သွင်းထားတယ်။ ဖာရိုးကျွန်းစုထက်လည်း ပိုကောင်းပါတယ်။ အာမေးနီးယား နိုင်မယ်။ 

ဂျီဘရော်လ်တာ နှင့် ဆန်မာရီနို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

ဆန်မာရီနိုက ပြီးခဲ့တဲ့ပွဲမှာတော့ သမိုင်းမှာ ပထမဆုံးနိုင်ပွဲ ရခဲ့တယ်။ ဂျီဘရော်လ်တာက ဆန်မာရီနိုနဲ့ ခြေသိပ်မကွာပါဘူး။ ဒါပေမဲ့ ဂျီဘရော်လ်တာ နိုင်ပွဲယူမယ့်ပွဲပါ။ 

Most Read

Most Recent