ယူကရိန်းဘက်မှ ကူတိုက်ပေးခဲ့မှုဖြင့် အသက် ၇၂ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသားကို ရုရှားတရားရုံးက ထောင်ဒဏ်ခုနစ်နှစ်နီးပါး ချမှတ်

ယူကရိန်းဘက်မှ ကူတိုက်ပေးခဲ့မှုဖြင့် အသက် ၇၂ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသားကို ရုရှားတရားရုံးက ထောင်ဒဏ်ခုနစ်နှစ်နီးပါး ချမှတ်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ရုရှားနိုင်ငံရှိ မော်စကိုမြို့တော်တရားရုံးတွင်   စတီဖင်ဟတ်ဘတ်အား ရုံးတင်စစ်ဆေးနေသည်ကို တွေ့မြင်ရစဉ်(Photo: AP)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ရုရှားနိုင်ငံရှိ မော်စကိုမြို့တော်တရားရုံးတွင်   စတီဖင်ဟတ်ဘတ်အား ရုံးတင်စစ်ဆေးနေသည်ကို တွေ့မြင်ရစဉ်(Photo: AP)
Published 8 October 2024

ကြေးစားစစ်သားအဖြစ် ယူကရိန်းဘက်မှ ကူတိုက်ပေးခဲ့သည်ဟုဆိုကာ အသက် ၇၂ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသားတစ်ဦးကို  ရုရှားတရားရုံးက အောက်တိုဘာ ၇ ရက်တွင် တံခါးပိတ်ရုံးတင်စစ်ဆေးကာ ထောင်ဒဏ် ခုနှစ်နှစ်နီးပါး ချမှတ်လိုက်သည်။

အမေရိကန်နိုင်ငံသား စတီဖင်ဟတ်ဘတ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရုရှား-ယူကရိန်းစစ်ပွဲစဖြစ်လာပြီးနောက် ယူကရိန်းစစ်တပ်နှင့် စာချုပ်ချုပ်လိုက်ပြီး ယူကရိန်းဘက်မှ ကူတိုက်ကာ နှစ်လအကြာတွင်  အဖမ်းခံလိုက်ရသည်ဟု ရုရှားအစိုးရရှေ့နေများကပြောသည်။

ဟတ်ဘတ်ကို လုံခြုံရေးအတင်းကြပ်ဆုံးထောင်တွင် ခုနှစ်နှစ်ထောင်ဒဏ်ကျခံစေရန်  အစိုးရရှေ့နေများက တောင်းဆိုခဲ့ပြီး ရုံးတော်က၎င်းအား ထောင်ဒဏ်ခြောက်နှစ်နှင့် ဆယ်လချမှတ်ခဲ့သည်။

မစ်ချီဂန်ပြည်နယ်သားဟတ်ဘတ်သည်  ယူကရိန်းစစ်ပွဲတွင် ကြေးစားစစ်သားဆိုသည့် စွဲချက်ဖြင့် အရေးယူခံရသည့် ပထမဆုံးအမေရိကန်နိုင်ငံသားလည်းဖြစ်သည်။

ယခုစီရင်ချက်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်မက်သရူးမစ်လာက ဟတ်ဘတ်ကို ကောင်စစ်ဝန်ရုံးဆိုင်ရာ ဆောင်ရွက်မှုများပြုလုပ်ခွင့်မပေးသည့်အတွက် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနည်းအကျဉ်းသာသိထားသည်ဟု  ထုတ်ပြန်ထားသည်။

“သံရုံးဆောင်ရွက်ချက်တွေ လုပ်ခွင့်မရလို့ စိတ်ပျက်မိပါတယ်။ အဲဒါကို သူတို့ဘက်က ခွင့်ပြုပေးရမယ့်တာဝန်ရှိတယ်။ အဲဒါကို ဆက်ပြီးပြောသွားပါမယ်။ဘာဆက်လုပ်ရမယ်ဆိုတာ  စဉ်းစားနေပါတယ်”ဟု မစ်လာက ၀ါရှင်တန်တွင် သတင်းထောက်များနှင့်တွေ့စဉ်ပြောသည်။

ဟတ်ဘတ်ကိုစွဲသည့်စွဲချက်များက  ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ သို့သော်အစိုးရရှေ့နေများက ၎င်း၏အသက်ကို ထည့်စားပေးပြီး အပြစ်ဝန်ခံခဲ့သည့်အချက်ကိုလည်း ထောက်ထားကာ ခုနစ်နှစ်နီးပါးသာ ပြစ်ဒဏ်ကျလာခြင်းဖြစ်သည်။

လတ်တလောနှစ်များအတွင်း ရုရှားတွင် အမေရိကန်နိုင်ငံသားများ ဖမ်းဆီးခံရမှုသိ သိသာသာမြင့်တက်လာခဲ့သည်။ အမေရိကန်နှင့်ဥရောပတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ရုရှားနိုင်ငံသားများနှင့် နောက်ပိုင်းတွင်အလဲ အလှယ်လုပ်ရန်ရုရှားက အမေရိကန်နိုင်ငံသားများအား ပစ်မှတ်ထားဖမ်းလာလိမ့်မည်ဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာသည်။

အောက်တိုဘာ  ၇ ရက်မှာပင် အခြားမြို့ရှိ ရုရှားရုံးတော်တစ်ခုက  အမေရိကန်နိုင်ငံ သားရောဘတ်ဂီလ်မန်ဆိုသူကို အာဏာပိုင်များအား ကိုယ်ထိလက်ရောက်ရန်ပြုမှုဖြင့် ထောင်ဒဏ်ခုနစ်နှစ်နှင့် တစ်လချခဲ့သည်။

 ရုရှားသတင်းဖော်ပြချက်များအရ ဂီလ်မန်သည် ၂၀၂၂ ခုနှစ်က ခရီးသည်တင်ရထားတစ်စင်းပေါ်တွင် မူးယစ်ရမ်းကားခဲ့မှု ၊ အဖမ်းဆီးခံရစဉ် ရဲအရာရှိတစ်ဦးကို တိုက်ခိုက်ခဲ့မှုတို့ဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

မနှစ်ကလည်း ၎င်းသည် ထောင်စစ်ဆေးရေးမှူးတစ်ဦးကို တိုက်ခိုက်ခဲ့ပြီး စုံစမ်း                   ထောက်လှမ်းရေးကော်မတီဝင်တစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု နိုင်ငံပိုင် RIA-Novosti သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံအကြားအကြီးဆုံးအကျဉ်းသားလဲလှယ်မှုကို သြဂုတ်လက လုပ်ဆောင်ထားသည်။ စုစုပေါင်းလူ ၂၄ ဦးပါဝင်ပြီး ဥရောပနိုင်ငံများနှင့် လချီဆွေးနွေးမှုများ ၊ လိုက်လျောမှုများ သဘောတူကြပြီးသည့်နောက် ယင်းရလာဒ်ထွက်လာခဲ့သည်။ ယခုချိိန်ထိလည်း ရုရှားနိုင်ငံတွင် အကျဉ်းကျနေသည့် အမေရိကန်နိုင်ငံသား အချို့ ကျန်နေသေးသည်။

Ref: AP

Most Read

Most Recent