အီရန်ကိုတိုက်ခဲ့သည့်နေ့က အစ္စရေးက အီရတ်လေပိုင်နက်ကို အသုံးချခဲ့သည်ဟုဆိုကာ အီရတ်ဘက်က ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရတ်စ်တို့ ထံ အီရတ်အစိုးရက ဆန့်ကျင်ရှုတ်ချစာပေးပို့ထားသည်။
၎င်းစာထဲတွင် အီရတ်လေပိုင်နက်နှင့် အီရတ်၏အချုပ်အခြာအာဏာကို အစ္စရေး က ဗြောင်ချိုးဖောက်သည့်အတွက်ရှုတ်ချထားပြီး ယင်းဖြစ်စဉ်ကို အစ္စရေးအား စစ် လက်နက်အများဆုံးရောင်းပေးနေသည့် နိုင်ငံလည်းဖြစ်၊ မဟာမိတ်နိုင်ငံလည်းဖြစ်သည့် အမေရိကန်အစိုးရနှင့် ဆွေးနွေးသွားမည်ဟု အီရတ်အစိုးရပြောခွင့်ရ ဘာဆင်အလာဝါဒီဆိုသူက ပြောကြားသည်။
အီရန်ဘက်က အောက်တိုဘာ ၁ ရက်တွင် ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ထားသည်ကို လက်စားချေတုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ်က အောက်တိုဘာ၂၆ ရက် မိုးမသောက်မီ အီရန်ကိုတိုက်ခိုက်ခဲ့ပြီး ၊ အီရန်စစ်တပ်က အစ္စရေးစစ်လေယာဉ်များသည် အီရတ်ရှိအမေရိကန်ထိန်းချုပ်ရာ လေပိုင်နက်ထဲမှ အီရန်ရေဒါစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း၊ အီရတ်လေပိုင်နက်သည် အမေ ရိကန်စစ်တပ်၏ကွပ်ကဲမှုအောက်ရှိနေသည့်အတွက် အစ္စရေး၏တိုက်ခိုက်မှုတွင် အမေရိကန်က ကြိမ်းသေကြံရာပါနေသည်ဟု ကြေညာခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အားဘတ်စ်အရာချီက အီရန်တင်မဟုတ်၊ လက်ဘနွန်နှင့်ဂါဇာတွင် တိုက်ခိုက်နေမှုများကလည်း အမေရိကန်ကကြံရာပါဟုပြောနေကာ၊ အမေရိကန်သာဝင်မပါလျှင် အစ္စရေးသည် ဒေသတွင်း၌ မည်သည့်အစွမ်းမှမရှိဟု ပြောသည်။
အောက်တိုဘာ ၂၆ ရက်မနက်က အီရန်မြို့တော်တဟီရန်အပါအဝင် နိုင်ငံအနှံ့တွင် ပေါက်ကွဲသံများထွက်ပေါ်လာခဲ့ပြီး အစ္စရေး တိုက်ဂျက်လေယာဉ်များက အီရန်ပြည်နယ်သုံးခုကို ပစ်မှတ်ထားကာစစ်ဆင်ရေးလေးနာရီကြာ ပြုလုပ်ခဲ့သည်။ တိုက်လေယာဉ်များချည်းမဟုတ်ဘဲ ဒရုန်းဖြင့်တိုက်ခိုက်မှုများလည်းရှိခဲ့ပြီး စစ်လေယာဉ်အားလုံးဘေးကင်းစွာပြန်ရောက်လာကြသည်ဟု အစ္စရေးစစ် တပ်ကထုတ်ပြန်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က အီရတ်လေပိုင်နက်ကိစ္စတွင်“ဘယ်လိုအိမ်နီးချင်းနိုင်ငံကမှ သူူတို့လေပိုင်နက်ကို အစ္စရေးကိုပေးသုံးမှာ မဟုတ်ဘူး။ အီရတ်အစိုးရဘက်က လိုအပ်သလိုတု့ံပြန်လိမ့်မယ်လို့ မျှော်လင့်တယ်။ အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်ရအောင် ကုလသမဂ္ဂဆီစာပို့အသိပေးခြင်းတွေ လုပ်ဖို့မျှော်လင့်တယ်”ဟု ပြောဆိုခဲ့သည်။
အီရန်စစ်တပ်နေရာများကို ပစ်မှတ်ထားတိုက်ခဲ့သည့် အောက်တိုဘာ ၂၆ ရက် အစ္စရေးတိုက်ခိုက်မှုအတွင်း အီရန်ဘက်မှစစ်သားလေးဦးသေဆုံးခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ၎င်း၏အောင်ပွဲခံမိန့်ခွန်းတွင် အစ္စရေးလေတပ်က ပစ်မှတ်များကို တိတိကျကျတိုက်ခဲ့သဖြင့် ရည်မှန်းချက်အားလုံးဖြစ်မြောက်ခဲ့သည်ဟု ထည့်ပြောသွားသည်။
အီရတ်သည် အမေရိကန်နှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ရှိထားကာ အီရန်နှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိကြသည်။ ဂျီဟတ်အစွန်းရောက်များတိုက်ဖျက်ရေးအတွက် နိုင်ငံတကာညွန့်ပေါင်းတပ်ကိုဖွဲ့စည်းထားပြီး ယင်းအဖွဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်စစ်သားများလည်း အီရတ်တွင်ဖြန့်ကြက်ထားသည်။
Ref: AFP