ယနေ့ယူကရိန်းသည် မနက်ဖြန်၏ အရှေ့အာရှဖြစ်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် သတိပေး

ယနေ့ယူကရိန်းသည် မနက်ဖြန်၏ အရှေ့အာရှဖြစ်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် သတိပေး
အောက်တိုဘာ ၄ ရက်က တိုကျိုမြို့တော်ရှိ လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် ဂျပန်ဝန်ကြီးချုပ် အိရှိဘကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၄ ရက်က တိုကျိုမြို့တော်ရှိ လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် ဂျပန်ဝန်ကြီးချုပ် အိရှိဘကို တွေ့ရစဉ်(Photo:AFP)
Published 4 October 2024

ယနေ့ ယူကရိန်းတွင်ဖြစ်ပွားနေသည့် အခြေအနေသည် မနက်ဖန်တွင် အရှေ့အာရှ၌  ဖြစ်ပွားလာနိုင်သည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ရှီဂီရူ အိရှိဘက အောက်တိုဘာ ၄ ရက်တွင် ၎င်း၏ ပထမဆုံးအကြိမ် မူဝါဒမိန့်ခွန်း ပြောကြားမှုတွင် သတိပေးခဲ့ပြီး ကမ္ဘာကြီးသည် ယခင်ကထက်ပိုပြီး စိတ်ဝမ်းကွဲလာကြောင်း ပြောကြားခဲ့သည်။

အသက် ၆၇ နှစ်အရွယ် ကာကွယ်ရေး ဝန်ကြီးဟောင်းဖြစ်သည့် အိရှိဘသည် ယခုသီတင်းပတ်အတွင်းက ဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့ပြီး နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း ကျဆင်းနေမှုသည် အရေးပေါ်အခြေအ နေဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အိရှိဘသည် တရုတ်နိုင်ငံကို တိုက်ရိုက် အမည်တပ်ပြောကြားခဲ့ခြင်းမရှိသော်လည်း တရုတ်သည် ဒေသတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်နိမိတ်များတွင် စစ်ရေးလှုပ်ရှားမှုကို မြှင့်တင်နေမှုနှင့်အတူ မကြာသေးမီ နှစ်များအတွင်း ဂျပန်နှင့် တရုတ်အကြား ဆက်ဆံရေးများ ယိုယွင်းခဲ့သည်။

ထို့ပြင် ထိုင်ဝမ်ကို ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်  တရုတ်၏ ကြေညာချက်များသည် ဂျပန်၊ အမေရိကန်နှင့် အခြားမဟာမိတ်များကို စိုးရိမ်ပူပန်စေခဲ့သည်။

တရုတ်ကမူ လိုအပ်လာမည်ဆိုပါက ထိုင်ဝမ်ကို အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု ပြောကြားထားသည်။

“ဒီနေ့ ယူကရိန်းအခြေအနေဟာ မနက်ဖြန်မှာ အရှေ့အာရှအခြေအနေ ဖြစ်လာမှာကို အများစုက စိုးရိမ်နေကြပါတယ်။ ယူကရိန်းမှာ အခြိမ်းအခြောက်အဟန့်အတားက ဘာလို့ အလုပ်မဖြစ်ခဲ့တာလဲ။ အရှေ့အလယ်ပိုင်းက အခြေအနေတွေနဲ့ ပေါင်းပြီးပြောရမယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ ပိုပြီး စိတ် ဝမ်းကွဲလာကာ ထိပ်တိုက်တွေ့ချင် လာကြပါတယ်”ဟု အိရှိဘက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဂျပန်သည်လည်း အမေရိကန်၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့အပါအဝင် အခြားမဟာမိတ်နိုင်ငံများနှင့် လုံခြုံရေးဆက်ဆံမှုများ မြှင့်တင်နေပြီး ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်မည့်အစီအစဉ်များနှင့်အတူ တရုတ်ကို ဒေါသထွက်စေခဲ့သည်။

သြဂုတ်လက တရုတ်စစ်တပ်၏ လေယာဉ်တစ်စင်းသည် ဂျပန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ပျံသန်းခဲ့ကြောင်း ဂျပန်က ပထမဆုံးအကြိမ် အတည်ပြုခဲ့သည်။

သီတင်းပတ်အနည်းငယ်အကြာတွင် ဂျပန်စစ်သင်္ဘောတစ်စင်းကလည်း  ထိုင်ဝမ် ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းမောင်းနှင်ခဲ့သည်။

နေတိုးအဖွဲ့ကဲ့သို့ ဒေသတွင်း စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းရေးကို အိရှိဘက ထောက်ခံခဲ့ပြီး အာရှ၏ လုံခြုံရေးအခြေအနေသည် ဒုတိယကမ္ဘာစစ် အဆုံးသတ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး အခြေအနေဖြစ်နေသည် ဟု အောက်တိုဘာ ၃ ရက်က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့့သို့ ဂျပန်သည် သက်ကြီးပိုင်း လူဦးရေမြင့်တက်မှု၊ ကလေးမွေးဖွားနှုန်း ကျဆင်းမှုတို့နှင့် ရင်ဆိုင်နေရသည်။

မိုနာကိုနိုင်ငံပြီးလျင် ဂျပန်သည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးလူဦးရေအများဆုံး နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အိရှိဘကမူ ကလေးမွေးဖွားနှုန်းကျဆင်းမှုသည် အသံတိတ် အရေးပေါ်အခြေအနေ တစ်ခုဖြစ်ပြီး အလုပ်ချိန်များကို ပြင်ဆင်မှုကဲ့သို့ အိမ်ထောင်စုများကို ထောက်ပံ့ရးအတွက် အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ခိရှိဒသည် ပါတီငွေကြေးအရှုပ်တော်ပုံများ၊ နိုင်ငံ့ငွေကြေး ဖောင်းပွမှုကဲ့သို့ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး လူထုအကြား ထောက်ခံမှုကျ ဆင်းခဲ့ကာ အိရှိဘကမူ ဂျပန်၏ စီးပွားရေးကို မြှင့်တင်ပေးမည်ဟု ကတိပြု ပြောကြားခဲ့သည်။                                    

Ref:AFP