ဒူးအရွတ်ဒဏ်ရာရရှိထားသည့် ရိုဒရီ အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့သွားရောက်

ဒူးအရွတ်ဒဏ်ရာရရှိထားသည့် ရိုဒရီ အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့သွားရောက်
Photo: X
Photo: X
Published 26 September 2024

ဒူးအရွတ်ဒဏ်ရာရရှိထားသည့် မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီသည် အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

စပိန်လက်ရွေးစင်ကစားသမား ရိုဒရီ(၂၈ နှစ်) သည် အာဆင်နယ်အသင်း နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၂၁ မိနစ်မှာပင် လူစားလဲခဲ့ရသည်။

၎င်းအနေဖြင့် မန်ချက်စတာတွင် ကနဦးစစ်ဆေးမှု ပြုလုပ်ပြီးနောက် အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း မန်စီးတီးအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

''ကွင်းလယ်ကစားသမားက မန်ချက်စတာမှာ ကနဦးစစ်ဆေးမှုတွေပြုလုပ်ပြီး အထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ဒီရက်သတ္တပတ်ထဲမှာ စပိန်ကို သွားရောက်ခဲ့ပါတယ်။ ဒဏ်ရာအခြေအနေနဲ့ ခန့်မှန်းခြေကို သိရှိနိုင်ဖို့ အကဲဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အသင်းမှာရှိတဲ့သူတိုင်းက သူအမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆုတောင်းပေးနေပါတယ်။ သူ့ရဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ သတင်းတွေကို အသင်းက ပုံမှန်တင်ဆက်ပေးသွားမှာပါ'' ဟု မန်စီးတီးအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုဒရီအနေဖြင့် ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှုလုပ်ရခြင်းရှိမရှိ အတိအကျမသိရသေးသော်လည်း ငါးလမှ ရှစ်လခန့် အနားယူရနိုင်ကြောင်း ခန့်မှန်းထားသည်။

မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ရိုဒရီမှာ အစားထိုး၍မရသူဖြစ်သော်လည်း အဖြေရှာရမည်ဖြစ်ကြောင်း ပြောကြားသည်။

''ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရာသီတစ်ခုရရှိမှာပါ။ ကျွန်တော့်ကစားသမားတွေကို အများကြီးယုံကြည်ပါတယ်။ အဖြေတစ်ခုရှာဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ သူက အစားထိုးမရတဲ့သူပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမား မကစားနိုင်တဲ့အချိန်မှာ ကျွန်တော့်တာဝန်က အဖြေတစ်ခုရှာဖို့ပါပဲ'' ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဂွါဒီယိုလာက လိဂ်ဖလားပြိုင်ပွဲတွင် ခွန်အားမဖြုန်းတီးဘဲ ဒုတိယအသင်းဖြင့်သာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဝက်ဖို့ဒ်အသင်းအား အနိုင်ရပြီးနောက် ထုတ်ဖော်ပြောကြားသည်။

'' နောက်တစ်ဆင့်ကျရင် ကျွန်တော် ကြေညာပါမယ်။ ကျွန်တော်က ဒုတိယအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ ကျွန်တော်တို့ ခွန်အားကို ဖြုန်းတီးမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ပွဲစဉ်ဇယားကတော့ ဒီလိုပဲ ရှိနေမှာဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲဒါကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ ဒီနေ့ပွဲမှာ မက္ကတီး၊ မာသီးယပ်စ် (နူနက်စ်)၊ ဂျက် (ဂရီးလစ်ရှစ်) နဲ့ ဖီးလ် (ဖိုဒန်) တို့ ပါဝင်ခဲ့တယ်။ သူတို့က အာဆင်နယ်နဲ့ပွဲမှာ (ပွဲထွက်)မကစားခဲ့ပါဘူး။ လူငယ်တွေနဲ့ အသက် ၁၆ နှစ်အရွယ် ချာတိတ် (ကာဒန်ဘရေ့ဝိတ်) တို့က ပြီးပြည့်စုံစေပါတယ်'' ဟု ဂွါဒီယိုလာက ပွဲအပြီးတွင် ပြောကြားသည်။

Most Read

Most Recent