ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် တစ်ဂိုးသာ ပေးထားရသော်လည်း ခံစစ်ပိုင်းကိုချီးကျူးရန်စောနေသေးကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား

ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် တစ်ဂိုးသာ ပေးထားရသော်လည်း ခံစစ်ပိုင်းကိုချီးကျူးရန်စောနေသေးကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 25 September 2024

 

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၅) အပြီးတွင် တစ်ဂိုးသာ ပေးထားရပြီး ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း အသင်း၏ခံစစ်ပိုင်းကို ချီးကျူးရန် စောနေသေးကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် (၄) ပွဲနိုင်၊ (၁) ပွဲရှုံး၊ ရမှတ် (၁၂) မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေသည်။ လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၅) ပွဲ ကစားအပြီးတွင် နော်တင်ဟမ်ဖောရက်စ် အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲ စဉ်တစ်ပွဲသာ ဂိုးပေးခဲ့ရပြီး ကျန် (၄) ပွဲတွင် Clean Sheet ရရှိထားသည်။ 

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ခံစစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေသော်လည်း နည်းပြ အာနယ်ဆလော့ကမူ အသင်းကောင်းများနှင့် မတွေ့သေးသဖြင့် အသင်းခံစစ်ပိုင်းကို မချီးကျူးနိုင်သေးခြင်းဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

ဆလော့က "ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့အသင်းတွေက အမှတ်ပေးဇယားမှာ အဆင့် (၁၀) အောက်က အသင်းတွေ များပါတယ်။ ဒါကိုထည့်တွက်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့အသင်းတွေနဲ့ ပွဲတွေအများကြီး ကစားရဦးမယ်။ ဝုလ်ဗ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ အဝေးကွင်းပွဲတွေကစားရမှာဖြစ်ပြီး အဲဒီပွဲတွေမှာ ကျွန်တော်တို့ ဂိုးမပေးရအောင် ကစားနိုင်မလား စောင့်ကြည့်ရမယ်။ ပထမ (၅) ပွဲမှာ အိမ်ကွင်း (၃) ပွဲအထိ ကစားရတာက ကျွန်တော်တို့အတွက် ကံကောင်းမှုလို့ ဆိုနိုင်ပါတယ်" ဟု ဆိုခဲ့သည်။ 

Most Read

Most Recent