ရေကြီးရေလျှံမှု နောက်ဆက်တွဲအခြေအနေကြောင့် ယခုတစ်ပတ်ကစားမည့် လာလီဂါနှင့် ဆီဂန်ဒါပွဲစဉ်တစ်ပွဲစီ ထပ်မံရွှေ့ဆိုင်း

ရေကြီးရေလျှံမှု နောက်ဆက်တွဲအခြေအနေကြောင့် ယခုတစ်ပတ်ကစားမည့် လာလီဂါနှင့် ဆီဂန်ဒါပွဲစဉ်တစ်ပွဲစီ ထပ်မံရွှေ့ဆိုင်း
Photo: X
Photo: X
Published 7 November 2024

စပိန်နိုင်ငံ၌ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှု နောက်ဆက်တွဲအခြေအနေကြောင့် ယခုတစ်ပတ်ကစားမည့် လာလီဂါနှင့် ဆီဂန်ဒါပွဲစဉ်တစ်ပွဲစီ ထပ်မံရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။

စပိန်နိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းရှိ ဗလင်စီယာဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိပြီး လူ ၂၁၈ ဦးထက်မနည်း သေးဆုံးခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် ပြီးခဲ့သည့်တစ်ပတ်က စပိန်ဘုရင့်ဖလား၊ လာလီဂါ၊ ဆီဂန်ဒါနှင့် အမျိုးသမီးလိဂ်ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုတစ်ပတ်ကစားမည့် လာလီဂါ၊ ဆီဂန်ဒါနှင့် အမျိုးသမီးလိဂ်ပွဲစဉ် တစ်ပွဲစီ ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ် သည်။

လာလီဂါပွဲစဉ် (၁၀) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၉ ရက် ည ၁၂ နာရီတွင် ကစားမည့် အက်စ်ပန်ညို-ဗလင်စီယာပွဲ၊ ဆီဂန်ဒါ ပွဲစဉ် (၁၄) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၀ ရက် ည ၁၂ နာရီတွင်ကစားမည့် တယ်နာရယ်ဖီ-လီဗန်တေးပွဲ၊ အမျိုးသမီးလိဂ် ပွဲစဉ် (၉) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီ ၄၅ မိနစ်တွင်ကစားမည့် လီဗန်တေး-ဗလင်စီယာပွဲတို့ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် တံတားများကျိုးခြင်း၊ ကားများ ရေစီးနှင့်အတူ မျောပါခြင်း၊ လမ်းများပေါ်တွင် ရွှံ့နွံများဖုံးလွှမ်းခြင်း၊ ကားလမ်းနှင့် ရထားလမ်းများ ပိတ်ဆို့ပျက်စီးခြင်း၊ အစားအစာ၊ ရေနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က ပွဲစဉ်အချို့သာရွှေ့ဆိုင်း၍ ကျန်ပွဲများကို ယှဉ်ပြိုင်ကစားစေသောကြောင့် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။