■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 November 2024

နယူးကာဆယ် - အာဆင်နယ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၇:၃၀ နာရီ)

နယူးကာဆယ်က အသင်းလိုက်မာကျောမှုရော၊ ကစားပုံရော၊ လိုအပ်ရင်အမြန်နှုန်းလည်း တင်ကစားနိုင်တယ်။ နယူးကာဆယ်အသင်းရဲ့လက်ရှိကစားပုံမှာ အားနည်းတာဆိုလို့ ခံစစ်အတွင်းလူ (၂) ဦးရဲ့ Pace ပဲ ရှိတယ်။ နှစ်ဦးစလုံးက ခံစစ်အရည်အသွေးရှိပေမယ့် မြန်နှုန်းအပိုင်းမှာအား နည်းကြတယ်။ အာဆင်နယ်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ (၂) ပွဲမှာ ဘုန်းမောက်ကို ရှုံးပြီး လီဗာပူးလ်ကို သရေပဲ ကစားနိုင်ခဲ့တာတွေ့ရတယ်။ ခံစစ်ပိုင်းက နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်ပေးနေရတာလည်း တွေ့ရတယ်။ ဒီပွဲမှာ ဆာလီဘာ ပြန်ကစားမှာဖြစ်ပေမယ့် ဂါဘရီယဲလ်အပါအဝင် အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာရှိနေသေးတယ်။ အာဆင်နယ်အတွက် ပွဲကျပ်တစ်ပွဲပါ။ သရေပွဲ ဖြစ်သွားနိုင်တယ်။ 



ဘုန်းမောက် - မန်စီးတီး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၃၀ နာရီ)

မန်စီးတီးက နောက်ပိုင်းပွဲတွေမှာ One Goal Margin တွေနဲ့ပဲ နိုင်ပွဲတွေရနေတာ တွေ့ရတယ်။ ဘုန်းမောက်က လျှော့မတွက်သင့်တဲ့ အသင်းဖြစ်ပြီး ခိုင်မာအားကောင်းတဲ့ ကစားပုံရှိတယ်။ အာဆင်နယ်ကို နိုင်ပြီး ဗီလာကိုလည်း နောက်ဆုံးမိနစ်ဂိုးနဲ့ အဝေးကွင်းမှာ သရေကစားခဲ့တယ်။ မန်စီးတီးအားသာတာမှန်ပေမယ့် လွယ်ကူမယ့်ပွဲတစ်ပွဲတော့ မဖြစ် နိုင်ဘူး။ ဘုန်းမောက်သရေခံကစားသွားနိုင်တယ်။

 

အစ်ဝစ်ချ် - လက်စတာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၃၀ နာရီ)

အစ်ဝစ်ချ်တောင်းအသင်းက ပြီးခဲ့တဲ့ပွဲမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့သင့်ပေမယ့် ခံစစ်အရည်အသွေးက နိမ့်လွန်းလို့ ရှုံးပွဲတွေ့ခဲ့တယ်။ လက်စတာအသင်းကလည်း ဘုန်းမောက်၊ ဆောက်သမ်တန်တို့ကို ဆက်တိုက်အနိုင်ရခဲ့ပြီးမှ နော်တင်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးခဲ့တယ်။ လက်ရှိ အနေအထားအရတော့ အစ်ဝစ်ချ်ရဲ့ အရည်အသွေးနိမ့်ခံစစ်ထက် လက်စတာကို ပိုကြိုက်ပါတယ်။ 



လီဗာပူးလ် - ဘရိုက်တန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၃၀ နာရီ)

ဆက်တိုက်နိုင်ပွဲရနေတဲ့ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာတော့ ဒီရာသီပထမဆုံး သရေပွဲဖြစ်သွားတယ်။ နှစ်ဂိုးစလုံးကို နောက်ကနေ လိုက်ချေပဂိုးသွင်းရတာဆိုပေမယ့် ခြုံကြည့်ရင် အာဆင်နယ်ထက်ပိုကောင်းအောင်ကစားနိုင်ခဲ့သလို ခံစစ်ကလည်း (၂) ဂိုးပေးခဲ့ရပေမယ့် တော်တော်လေးကောင်းပါတယ်။ ဘရိုက်တန်က အဝေးကွင်းမှာ ခြေမငြိမ်တဲ့အပြင် ခံစစ်လေးတာကြောင့် လီဗာပူးလ်နိုင်မှာပါ။ 



နော်တင်ဟမ်ဖောရက်စ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၃၀ နာရီ)

နူနိုဆန်တိုရဲ့ အသင်းက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်အနိုင်ရခဲ့တယ်။ ပဲလေ့စ်၊ လက်စတာတို့လို မာကျောတဲ့အသင်းတွေကို အနိုင်ရခဲ့တယ်ဆိုတာ ချီးကျူးစရာရလဒ်ပါ။ ဝက်စ်ဟမ်းက မန်ယူနိုက်တက်နဲ့ပွဲမှာ မထင်မှတ်ပဲ နိုင်ပွဲရခဲ့ပေမယ့် ဂိုးပြတ်ရှုံးခဲ့သင့်တဲ့ ခြေစွမ်းမျိုးနဲ့ ပထမပိုင်းမှာ ကစားခဲ့တယ်။ ဒုတိယပိုင်းမှ ပုံစံကောင်းပြန်ရခဲ့တာပါ။ လက်ရှိခြေစွမ်းအရ ခရစ္စဝုဒ်ရဲ့ ဦးဆောင်မှုနဲ့ နော်တင်ဟမ်ကို ပိုကြိုက်တယ်။



ဆောက်သမ်တန် - အဲဗာတန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၃၀ နာရီ)

ဆောက်သမ်တန်အသင်းက ရှုံးပွဲတွေ ဆက်တိုက်တွေ့ရနေတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းက တော်တော်လေးအခြေအနေဆိုးပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ကစားပုံကောင်းခဲ့ပြီး ဂွါဒီယိုလာရဲ့ချီးကျူးခြင်းကိုခံခဲ့ရပေမယ့် ဆောက်သမ်တန်ရဲ့ခံစစ်က ခပ်ပျော့ပျော့ပါ။ အဲဗာတန်အသင်းက သိသိသာသာခြေတက်နေပြီး ရလဒ်တွေလည်း ကောင်းနေတယ်။ ဒီပွဲလည်း အဲဗာတန်ကိုပဲ ကြိုက်တယ်။ 



ဝုလ်ဗ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၁၂:၀၀ နာရီ)

ဝုလ်ဗ်အသင်းကတော့ ရလဒ်တွေတော်တော်လေးဆိုးနေပြီး နောက်ဆုံးပွဲမှာမှ မထင်မှတ်ပဲ ဘရိုက်တန်ကွင်းမှာ သရေကစားနိုင်ခဲ့တယ်။ အသင်းလိုက်ကစားပုံက ပရီးမီးယားလိဂ်မှာ အခြားအသင်းတွေနဲ့ သိပ်မတူပဲ ခွဲထွက်နေပြီး မဆိုးဘူးလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဝုလ်ဗ်ရဲ့ခံစစ်ကတော့ တော်တော်လေးအခြေအနေဆိုးပါတယ်။ ပဲလေ့စ်လည်း သိပ်အားမကောင်းသေးပေမယ့် စပါးကို နိုင်တဲ့ပွဲမှာ တော်တော်ကောင်းတယ်။ ပဲလေ့စ်ကြိုက်တယ်။

Most Read

Most Recent