ထရန့် ဒုတိယအကြိမ် လုပ်ကြံခံရမှုဖြစ်ပွားသဖြင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့  အင်အားလိုအပ်နေဟု သမ္မတဂျိုးဘိုင်ဒင် ပြောကြား

ထရန့် ဒုတိယအကြိမ် လုပ်ကြံခံရမှုဖြစ်ပွားသဖြင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့  အင်အားလိုအပ်နေဟု သမ္မတဂျိုးဘိုင်ဒင် ပြောကြား
အိမ်ဖြူတော်၌ သတင်းထောက်များ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားနေသော သမ္မတဂျိုးဘိုင်ဒင်ကို စက်တင်ဘာ ၁၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အိမ်ဖြူတော်၌ သတင်းထောက်များ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားနေသော သမ္မတဂျိုးဘိုင်ဒင်ကို စက်တင်ဘာ ၁၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 17 September 2024

ရီပတ်ဘလီကင်ပါတီ၏သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ဒုတိယအကြိမ် ပေါ်ပေါ်တင်တင်လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန်ထောက်လှမ်းရေးအဖွဲ့သည် တာဝန်များကို ထမ်းဆောင်ရာ၌ အဖွဲ့ ဝင်အင်အား ပိုမိုလိုအပ်နေသည်ဟု စက်တင်ဘာ ၁၆ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

“ကျွန်တော် ရှင်းရှင်းလင်းလင်းပြောချင်တဲ့အချက်တစ်ချက်ကတော့ ထောက်လှမ်းရေးအဖွဲ့ဟာ နောက်ထပ်အကူအညီတွေ လိုအပ်နေတယ်ဆိုတာပဲဖြစ်ပါတယ်။ ကွန်ဂရက်အနေနဲ့လည်း သူတို့ရဲ့လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ပေးလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ နောက်ထပ်ထောက်လှမ်းရေးအဖွဲ့ဝင်တွေ လိုအပ်ကောင်းလိုအပ် နေတယ်လို့ထင်ပါတယ်”ဟု သမ္မတက ပြောကြားခဲ့သည်။

ဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၁၅ ရက်က ဖလော်ရီဒါပြည်နယ်တွင် ပေါ်ပေါ်တင်တင်လုပ်ကြံရန် ကြိုးပမ်းမှု၏ပစ်မှတ်ဖြစ်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က ပြောကြားခဲ့ပြီး ၎င်းသည် ဘေးကင်းပြီး အန္တရာယ်ကင်းခဲ့ သည်ဟုရီပတ်ဘလီကင်ပါတီကိုယ်စားပြု သမ္မတလောင်းထရန့်၏စည်းရုံးရေးအဖွဲ့နှင့် ဥပဒေ ထိန်းသိမ်းရေးဌာနတို့က ပြောကြားခဲ့သည်။

“သမ္မတ ဘာမှမဖြစ်တာ ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်”ဟု ဘိုင်ဒင်က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များကထရန့်၏ဂေါက်ကွင်းနယ်နိ မိတ်အနီး၌ရှိနေသောသေနတ်သမားကို ပစ်ခတ်ခဲ့သည်ဟု ယင်းထောက်လှမ်းရေးအဖွဲ့ကပြောကြားခဲ့ပြီး အဝေးကြည့် ချိန်ခွက်ပါသော AK-47 ပုံစံ ရိုင်ဖယ်သေနတ်တစ်လက်နှင့် GoPro ကင်မရာတို့ကို ရရှိခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် အဆိုပါပုဂ္ဂိုလ်ကို ဖမ်းဆီးခဲ့သည်။

သမ္မတဟောင်းဒေါ်နယ်ထရန့် နှစ်လအတွင်း ဒုတိယအကြိမ်လုပ်ကြံခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် နောက်ထပ်အင်အားလိုအပ်နေဖွယ်ရှိသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့တွင်ပြုလုပ်သည့် ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးပွဲတွင် ပစ် ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ထရန့်ဒဏ်ရာ ရရှိသွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး Secret Service လုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထရန့်ပထမအကြိမ်လုပ်ကြံခံရမှုဖြစ်စဉ်အပြီးတွင် ၁၀ ရက် အကြာ ဇူလိုင် ၂၃ ရက်တွင် ယင်းဌာန၏ညွှန်ကြားရေးမှူးကင်ဘာလေချီတယ်သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှုကိုအမေရိကန်လျှို့ဝှက်    ထောက်လှမ်းရေးဌာနကဟန့်တားနိုင်ခြင်းမရှိခဲ့ဟု ယင်းဌာန၏ညွှန်ကြားရေးမှူး ကင်ဘာလေချီတယ်က ဇူလိုင် ၂၂ ရက်တွင်ဝန်ခံခဲ့ပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် ၎င်းသည်ရာထူးမှ နုတ်ထွက်သွားခဲ့  ခြင်းဖြစ်သည်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံနေချိန်တွင် သံသယရှိသူသည် ၎င်းပုန်းအောင်းနေသော ချုံပုတ်ထဲမှ ထွက်ပြေးသွားခဲ့ပြီ အနက်ရောင်ကားဖြင့် လွတ်မြောက်သွားခဲ့သည်။ မျက်မြင်တွေ့သူတစ်ဦးက ကားကို ရဲများဖော်ထုတ်နိုင်ရန် အကူအညီပေးခဲ့ပြီး အာဏာပိုင်များက အဆို ပါကား၏နောက်ကိုခြေရာခံလိုက်သွားခဲ့သည်ပြီးနောက် ၄၅ မိနစ်အကြာတွင် သံသယရှိသူကို ဖမ်းမိခဲ့သည်။

အမေရိကန်မီဒီယာက အသက် ၅၈ နှစ် အရွယ် ရိုင်ယန်ဝက်စလေရုကို သံသယရှိသူအဖြစ် ဖော်ပြခဲ့သည်။ လက်နက်ကိုင်ဆောင်မှုဖြင့် ၎င်းကို စက်တင်ဘာ ၁၆ ရက်တွင် ရုံးထုတ်ခဲ့သည်ဟုသိရသည်။                                    

Ref: AFP    

                                                        

         

         

 

 

Most Read

Most Recent