ရေထိန်းတမံကျိုးပေါက်၍ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ကင်းသာရေထိန်းတမံအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု့ပြီး တမံဧရိယာ ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများပြီးမှသာ ကျိုးပေါက်နေသည့်နေရာများကို ပြန်လည်ပြုပြင်ရန် ပြောကြား

ရေထိန်းတမံကျိုးပေါက်၍ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ကင်းသာရေထိန်းတမံအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု့ပြီး တမံဧရိယာ ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများပြီးမှသာ ကျိုးပေါက်နေသည့်နေရာများကို ပြန်လည်ပြုပြင်ရန် ပြောကြား
Published 16 September 2024

ရေထိန်းတမံကျိုးပေါက်၍ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ကင်းသာရေထိန်းတမံအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု့ပြီး တမံဧရိယာ ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများပြီးမှသာ ကျိုးပေါက်နေသည့်နေရာများကို ပြန်လည်ပြုပြင်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှုအခြေအနေများကို စက်တင်ဘာ ၁၅ ရက်က လိုက်လံကြည့်ရှုစစ်ဆေးရာ ရေအလုံးအရင်းဝင်ရောက်ခဲ့မှုကြောင့် ကင်းသာရေထိန်းတမံ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် နစက ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများ တမံအတွင်း ပိတ်ဆို့နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ချောင်းအထက်ပိုင်း၌ သစ်ပင်များကို အများအပြားထုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းကို ထိန်းသိမ်းနိုင်စွမ်းအားနည်းလာကာ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံး အရင်းဖြင့် စီးဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ သစ်ပင်သစ်တုံးများကို ခုတ်ယူပြီး ချောင်းကမ်း နဖူးများတွင် စုပုံထားခြင်းကြောင့် ရေစီးနှင့်အတူမျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှုများကြောင့် ရေလမ်းကြောင်းတစ်လျှောက်ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုး ပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် ရေလမ်းကြောင်းရှင်းလင်းခြင်း လုပ်ငန်းများ၊ တမံအတွင်း ပြည့်နှက်နေသည့် နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်းလုပ်ငန်းများကို အဆင့်လိုက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကနဦးအနေဖြင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် တမံဧရိယာပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ပြီးမှသာလျင် ကျိုးပေါက်နေသည့် တမံနေရာများ စနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌ သည် ကင်းသာလမ်းခွဲနေရာ၌ ရေတိုက်စားမှုကြောင့် လမ်းကြောင်းပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည့် သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)အား ယာယီ ဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် နဝင်းချောင်းတံတား (အဆုံ)အား ယာယီဘေလီတံတား ထိုး၍ တည်ဆောက်ပြုပြင်နေမှု အခြေအနေများကိုလည်း နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နဝင်းချောင်းတံတား(အဆုံ) ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် ၄၀ တန်၊ အရှည် ၁၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ တစ်ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင်တည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် ကျိုးပေါက်ခဲ့သည့် ကင်းသာရေထိန်းတမံသည် ၁၉၉၄-၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြေသားတမံအမျိုးအစားဖြစ်ပြီး တမံအတွင်း (၇၂)ဧကပေသာ သိုလှောင် ထိန်းသိမ်းနိုင်သည့် ရေထိန်းတမံငယ်ဖြစ်ကြောင်း၊ ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးရွာ သွန်းမှုများပြားပြီး ကင်းသာရေထိန်းတမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သဖြင့် တမံထိပ်မျက်နှာပြင်မှ ၃ ပေအထိ ရေကျော်စီးဆင်းခဲ့ကာ တမံ၏ ရေထုတ်ပြွန်အနီးတွင် ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

တမံအတွင်း သိုလှောင်နိုင်သည့် ရေပမာဏထက် ၁၂ ဆခန့် ရှိသည့် တောင်ကျချောင်းရေများဝင်ရောက်ခဲ့ခြင်း၊ တောင်ကျချောင်းရေနှင့်အတူ သဲနုန်းပို့ချခြင်းများ ရှိခဲ့ခြင်းတို့ကြောင့် တမံမှ ရေသိုလှောင်နိုင်ခြင်း မရှိတော့ဘဲ မြေသားပေါင် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကင်းသာသစ်ဆိပ်မှ သစ်လုံးကြီးများသည်လည်း ရေစီးကြောင်းအတိုင်းမျောပါခဲ့ပြီး ရေထိန်းတမံအား အရှိန်အဟုန်ဖြင့် ဝင်ဆောင့်ခဲ့မှုများကြောင့် တမံထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent