မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး
Published 10 September 2024

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ၊ လျန်ယွင်ကန်မြို့၌  ကျင်းပပြုလုပ်သည့်  ၂၀၂၄ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ယင်းစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် (၅) သန်း တန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့အား နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့၊ ဟိုင်ကျိုး (Haizhou) Bayview Conference Center ၌ စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ဖိုရမ်သို့  တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကာလရှည်ကြာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကို ဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံ ပူးပေါင်းတိုက်ဖျက်ရေး၊ လူမှုဘဝတည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့ရှိ ရဲလုပ်ငန်းခွင်ဆိုင်ရာပစ္စည်း ကိရိယာများနှင့် နည်းပညာပြပွဲသို့ သွားရောက်လေ့လာခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘော ဆောင်သည့်ရလဒ်များကို ရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent