ဗီယက်နမ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၈၀ ကျော် ရှိလာခဲ့ကာ ၆၄ ဦး ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေ

ဗီယက်နမ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၈၀ ကျော် ရှိလာခဲ့ကာ ၆၄ ဦး ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေ
ဗီယက်နမ်နိုင်ငံ ထိုင်ငုယင်မြို့၌ လမ်းများနှင့် အဆောက်အအုံများ ရေမြုပ်နေပုံကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ်(Photo: AFP)
ဗီယက်နမ်နိုင်ငံ ထိုင်ငုယင်မြို့၌ လမ်းများနှင့် အဆောက်အအုံများ ရေမြုပ်နေပုံကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ်(Photo: AFP)
Published 10 September 2024

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသို့ တိုင်ဖွန်းမုန်တိုင်း ယာဂီ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်း ၈၂ ဦး သေဆုံးကာ ၆၄ ဦး ပျောက်ဆုံးလျက်ရှိပြီး စက်တင်ဘာ ၁၀ ရက်က အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ သည် ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့်နေရာများမှ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အပူတပြင်းကြိုးပမ်းနေရသည်။

ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဒဏ်ရာရသူ ၇၅၀ ကျော် ရှိခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

နှစ်ပေါင်း ၃၀ အတွင်း ဗီယက်နမ်မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့သည့် အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းအဖြစ် မိုးလေဝသပညာရှင်များက သတ်မှတ်ထားသည့် ယာဂီမုန်တိုင်း၏ အရှိန်ကြောင့် တစ်နာရီလျှင် ၁၄၉ ကီလိုမီ တာကျော် လေတိုက်နှုန်းရှိကာ မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် တံတားများပြိုကျခြင်း၊ အဆောက်အအုံများ အမိုးလန်ပျက်စီးခြင်းနှင့် စက်ရုံများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသည် လတ်တလောတွင် ပြင်းထန်သော ရေလွှမ်းမိုးမှုဒဏ်ကို ရင်ဆိုင်နေရပြီး ရပ်ကွက်အများအပြား ရေမြုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက် အစောပိုင်းတွင် ထိုင်ငုယင်နှင့် ယန်ဘိုင်မြို့များ၌ နေရာအချို့တွင် တစ်ထပ်အိမ်များ အလုံးစုံ ရေမြုပ်လုနီးပါး ဖြစ်ပွားခဲ့ကာမြို့ခံများက အိမ်ခေါင်မိုးများ ပေါ်တက်၍ အကူအညီတောင်းခံလျက်ရှိ ကြောင်း သိရသည်။

ဟနွိုင်းမြို့တွင် မြစ်နီမြစ်တစ်လျှောက်ရှိ လူနေရပ်ကွက်များ တစ်ပိုင်းတစ်စရေမြုပ်ခဲ့ပြီး မြို့ခံများသည် ဘေးလွတ်ရာသို့ မဖြစ်မနေရှောင်တိမ်းခဲ့ရသည်။

၎င်းမြစ်အနီးတွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဖန်သီတူယက်က ယခုလောက်အထိ ရေတက်လာသည်ကို ယခင်ကကြုံတွေ့ဖူးခြင်းမရှိဟု ပြောကြားခဲ့သည်။

“ကျွန်မ အရာအားလုံးကို ဆုံးရှုံးလိုက်ရတယ်။ အားလုံးပါသွားပြီ။ ကျွန်မတို့ အသက်ဘေးကလွတ်ဖို့ ကုန်းမြင့်ဒေသဆီ ပြောင်းရွှေ့ခဲ့ရတယ်။ ကျွန်မတို့ ဘာပရိဘောဂပစ္စည်းကိုမှ ယူမလာနိုင်ခဲ့ဘူး။ အခုဆိုရင် အားလုံးရေမြုပ်ကုန်ပြီ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

မြို့လယ်ဧရိယာဖြစ်သော ဟွမ်ကီယမ် ခရိုင်တွင် စက်တင်ဘာ ၁၀ ရက်က လူ ၄၆၀ ကို နေရာရွှေ့ပြောင်းပေးခဲ့ရသည်။

နီးစပ်ရာစျေးများတွင် ရောင်းချလေ့ရှိ သည့် ငှက်ပျော၊မာလကာနှင့် ပြောင်းဖူးအပါအဝင် ကောက်ပဲသီးနှံစိုက်ခင်းအားလုံးလည်း ရေမြုပ်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက မြစ်နီမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားကြီးတစ်စင်းပေါ်မှ ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်းကို စက်တင်ဘာ ၁၀ ရက်က တားမြစ်ခဲ့ပြီး ရေမျက်နှာပြင် မြင့်တက်နေခြင်းကြောင့် လုံဘင်တံတားကို ဖြတ်သန်းဖောက်လုပ်ထားသော ရထားလမ်းပိုင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်က နိုင်ငံမြောက်ပိုင်းရှိ ဖူသိုပြည်နယ်တွင် မြစ်ကူးတံတားတစ်စင်းပြိုကျမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက ယင်းကဲ့သို့ ကြိုတင်ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၃၇၅ မီတာ ရှိသော Phong Chau တံတားထက်ပိုင်းပြိုကျခဲ့ခြင်းဖြစ်သည်။

တံတားပြိုကျစဉ် ထိုတံတားပေါ်မှ ဖြတ်သန်းသွားလာသူ ငါးဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ကျန်ရှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ဟနွိုင်းမြို့အလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ 

Ref: AFP

Most Read

Most Recent