တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်း မြန်မာ့အလယ်ပိုင်းဒေသများကို ဖြတ်ကျော်‌နေဟု မိုးဇလ ထုတ်ပြန်

တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်း မြန်မာ့အလယ်ပိုင်းဒေသများကို ဖြတ်ကျော်‌နေဟု မိုးဇလ ထုတ်ပြန်
Published 10 September 2024

တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီခွဲတိုင်းထွာချက်အရ စက်တင်ဘာ ၉ ရက်တွင် တရုတ်-မြန်မာနယ်စပ်၌ ဖြစ်ပေါ်ခဲ့သောလပွေလှိုင်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်း‌ဒေသများကို ဖြတ်ကျော်လျက်ရှိ‌ကြောင်း၊အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်သည်။

လက်ရှိတွင်ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း‌နေပြီး တစ်နိုင်ငံလုံးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက်ရှိကြောင်း မိုးဇလက ဆိုသည်။

ယင်းကြောင့် လာမည့်နှစ်ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်ဟု မိုးဇလက ခန့်မှန်းသည်။

ထို့ပြင် ယ‌နေ့ညနေပိုင်းအထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်‌ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

Most Read

Most Recent