မိမိ၏ စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ မှာ များလွန်းပြီး ထိပ်တန်းလိဂ်တွင် ကစားလိုကြောင်း အသင်းကြီးများစိတ်ဝင်စားနေသည့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ် ပြောကြား

မိမိ၏ စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ မှာ များလွန်းပြီး ထိပ်တန်းလိဂ်တွင် ကစားလိုကြောင်း အသင်းကြီးများစိတ်ဝင်စားနေသည့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 7 September 2024

 

အာဆင်နယ်၊ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများ၏ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသည့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ်က မိမိ၏စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ မှာ များလွန်းပြီး မိမိအနေဖြင့် ဥရောပထိပ်တန်းလိဂ်များ တွင် ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ဂျိုကာရက်စ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဥရောပတွင် ထွန်းတောက်လာသည့် ကစားသမားဖြစ်သည်။ ဂျိုကာရက်ဇ်သည် ၂၀၁၈ နွေရာသီတွင် ဆွီဒင်ကလပ် ဘရွန်မာပိုကာနာအသင်းမှ ဘရိုက်တန်အသင်းထံသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဘရိုက်တန်အသင်းတွင် နေရာမရဘဲ ဆွမ်ဆီး၊ ကိုဗင်ထရီအသင်းများတွင် အငှားဖြင့် သွားရောက်ကစားခဲ့ရသည်။ ထို့ ကြောင့် ဂျိုကာရက်စ်သည် ၂၀၂၃ နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဘရိုက်တန်အသင်းမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းထံသို့ Add-ons ကြေး အပါအဝင် ယူရို ၂၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

ဂျိုကာရက်စ်သည် စပို့တင်းလစ္စဘွန်း အသင်းအတွက် ပွဲဦးထွက်ရာသီမှာပင် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ တွင် ၄၃ ဂိုး အထိ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျိုကာရက်စ်သည် နာမည်ရလာခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ သို့သော် စပို့တင်းလစ္စဘွန်းအသင်းက အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသည့် ဂျိုကာရက်စ်အား စာချုပ်လျော်ကြေးဖြစ်သည့် ယူရိုသန်း ၁၀၀ ရမှ ရောင်းချမည်ဟု စျေးကိုင်ထားရာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်း မရှိပေ။ 

ယခုအခါ ဂျိုကာရက်စ်က ၎င်း၏စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ မှာ များလွန်းကြောင်းနှင့် အနာဂတ်တွင် ထိပ်တန်းလိဂ်များ၌ ကစားလိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ "စပို့တင်းလစ္စဘွန်းအသင်းက သူတို့ရဲ့ အဓိကကစားသမားတွေကို ထိန်းထား ချင်တာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ စပို့တင်းလစ္စဘွန်းမှာ ပျော်နေတာကြောင့် ပြဿနာမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဥရောပထိပ်တန်းလိဂ်တွေ၊ ထိပ်တန်းအဆင့်တွေမှာ ကစားချင်တယ်ဆိုတာလည်း အမှန်တရားပါပဲ။ ဒါကို ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော့်ရဲ့ စာချုပ်လျော်ကြေးကလည်း များလွန်းတယ်လို့ ထင်ပါတယ်။ ယူရို သန်း ၁၀၀ ဆိုတာ အရမ်းများတဲ့ ပမာဏပါ။ ဒါပေမဲ့ နောက်လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ ကြည့်ရမယ်။ စပို့တင်းလစ္စဘွန်းမှာ ဆက်နေတာ ပြဿနာမရှိပေမဲ့ ထိပ်တန်းအဆင့်မှာကစားချင်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ ဂျိုကာရက်စ်သည် ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ ငါးပွဲတွင် ခုနစ်ဂိုးထိ သွင်းယူထားသည်။ 

Most Read

Most Recent