ကွာလာလမ်ပူမြို့တွင် ပြုလုပ်သည့် အာရှသတင်းကွန်ရက်(ANN)၏ ၂၅ နှစ်ပြည့်အခမ်းအနားသို့ Eleven Media Group ၏အမှုဆောင်ဒါရိုက်တာ ကိုမင်းသော်ထွဋ် တက်ရောက်ခဲ့ပြီး ANN ၏ ဥက္ကဌသစ်အဖြစ် အမျိုးသမီးတစ်ဦးကို ရွေးချယ်

ကွာလာလမ်ပူမြို့တွင် ပြုလုပ်သည့် အာရှသတင်းကွန်ရက်(ANN)၏ ၂၅ နှစ်ပြည့်အခမ်းအနားသို့ Eleven Media Group ၏အမှုဆောင်ဒါရိုက်တာ ကိုမင်းသော်ထွဋ် တက်ရောက်ခဲ့ပြီး ANN ၏ ဥက္ကဌသစ်အဖြစ် အမျိုးသမီးတစ်ဦးကို ရွေးချယ်
Published 6 September 2024

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်သည့် အာရှသတင်းကွန်ရက်(ANN)၏ ၂၅ နှစ်ပြည့်အခမ်းအနားသို့ Eleven Media Group ၏ အမှုဆောင်ဒါရိုက်တာ ကိုမင်းသော်ထွဋ် တက်ရောက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ကျင်းပသော အာရှသတင်းကွန်ရက်(ANN)၏ ၂၅ နှစ်ပြည့်အခမ်းအနားကို မလေးရှားနိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီး၊ သတင်းဌာန ၂၀ က ကိုယ်စားလှယ် များနှင့်အတူ Eleven Media Group၏ အမှုဆောင်ဒါရိုက်တာ ကိုမင်းသော်ထွဋ်လည်း တက်ရောက်နေခြင်းဖြစ်သည်။

အခမ်းအနားတွင် အာရှရှိ သတင်းမီဒီယာလုပ်ငန်းကြီးများက အယ်ဒီတာများ၏တွေ့ဆုံပွဲသည် ဒေသတွင်း မျက်မှောက်ရေးရာသတင်းများကို မြှင့်တင်ရန် ဖြစ်သည်။

စက်တင်ဘာ ၄ ရက်တွင် ကျင်းပခဲ့သော အခမ်းအနားသို့ ANN အဖွဲ့ဝင် သတင်းဌာန ၂၀ က အယ်ဒီတာများတက်ရောက်ခဲ့သည်။

ANN သည် အဖွဲ့ဝင်သတင်းဌာနအချင်းချင်း သတင်းအချက်အလက်များကို မျှဝေခြင်းမှတစ်ဆင့် ဒေသဆိုင်ရာ သတင်းများကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

မလေးရှားအခြေစိုက်သတင်းဌာနများအပြင် အခြားသတင်းဌာနများမှာ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကို ရီးယား၊ ဗီယက်နမ်တို့မှ သတင်းဌာနများဖြစ်သည်။

အခမ်းအနားတွင် Star Media Group (SMG)ကုမ္ပဏီ၏ Content Officier အကြီးအကဲ ဒါတင်ပါဒူကာအက်စသာအန်က ၎င်းအနေဖြင့် မလေးရှား၌ အယ်ဒီတာများနေထိုင်ရေး အဆင်ပြေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဧည့်သည်များကို လက်ခံကြိုဆိုသော ညစာစားပွဲအားတည်ခံခဲ့ပြီး အဆိုပါညစာစားပွဲတွင်  အယ်ဒီတာများသည် မီဒီယာလုပ်ငန်း၌ ဖြစ်ပေါ်တိုးတက်မှုများကို အမြင်ခြင်းဖလှယ်ခဲ့ကြပြီး မသိသေးသည့် ကိစ္စများကို သိရှိအောင် ဆောင်ရွက်မည့်အကြောင်းတို့အား ဆွေးနွေးခဲ့ကြသည်။

SMG အမှုဆောင်ချုပ် ချန်ဆန်ဖတ်၊ Bernama ဥက္ကဋ္ဌလည်းဖြစ် SMG အကြံပေးလည်းဖြစ်သော ဒါတက်ဆရီ ဝမ်ချွန်ဝေတို့ လည်းတက်ရောက်ခဲ့သည်ဟု သိရသည်။

Star Media Group (SMG)ကုမ္ပဏီ၏ Content Officier အကြီးအကဲ ဒါတင် ပါဒူကာအက်စသာအန်းကို ANN ၏ အမျိုးသမီးဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် အက်စသာအန်းသည် ရာထူးမှထွက်ခွာတော့မည့် ANN ဥက္ကဋ္ဌ မက်ဖာအန်နမ်၏နေရာတွင် ထမ်းဆောင်မည်ဖြစ်ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ANN၏ ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်သည်။ ၎င်းသည် ANN ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် တတိယမြောက် အမျိုးသမီးဖြစ်သည်။

“ကျွန်မက သတင်းတွေကို ကွဲပြားခြား နားစွာပြောချင်ပါတယ်။ အချိန်တွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။ သတင်းအကြောင်းအရာတွေကို ပြောပြတဲ့ ခေတ်မီနည်းလမ်းတွေ အခုရှိနေပါပြီ”ဟု ANN ၂၅ နှစ်ပြည့်  အခမ်းအနား၏(စက်တင်ဘာ ၅ ရက်)ဘေးဆွယ်အစည်းအဝေးတွင် အက်စသာအန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ANN ၏ အစည်းအဝေးကို တရုတ်နိုင်ငံပေကျင်းမြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

ANN ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ခုနစ်ဦး၊ နိုင်ငံခုနစ်နိုင်ငံသာ ရှိခဲ့ရာမှ လက်ရှိတွင် အဖွဲ့ဝင် ၂၃ ဦး၊ နိုင်ငံ ၂၁ နိုင်ငံအထိ ရှိလာခဲ့ပြီဖြစ်ကာ Eleven Media Group က ၂၀၁၃ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။

ANN ၏ အဖွဲ့ဝင် ဖြစ်လာရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာရှိရမည်ဖြစ်ပြီး လက်ရှိအဖွဲ့ဝင်များသည် အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်ဝေနေသည့် သတင်းစာများလည်း ဖြစ်ကြသည်။

အာရှသတင်းကွန်ရက်(ANN) အဖွဲ့ဝင်များမှာ The Daily Star (ဘင်္ဂလားဒေ့ရှ်)၊ Kuensel(ဘူတန်)၊ Brunei Press(ဘရူနိုင်း)၊The Phnom Phen Post နှင့် Ramsei Kampuchea (ကမ္ဘောဒီးယား)၊China Daily(တရုတ်)၊ The China Post (ထိုင်ဝမ်)၊ DataLeads နှင့် The Statesman (အိန္ဒိယ)၊ The Jakata Post (အင်ဒိုနီးရှား)၊ The Japan News (ဂျပန်)၊ Vientiane Times (လာအို)၊ Sin Chew Daily နှင့် The Star Online (မလေးရှား)၊ Gogo Mongolia (မွန်ဂိုလီးယား)၊ Eleven Media Group (မြန်မာ)၊ The Kathmandu Post (နီပေါ)၊ Dawn(ပါကစ္စတန်)၊ Philippine Daily Inquirer(ဖိလစ်ပိုင်)၊ The Strais Times (စင်ကာပူ)၊ The Korea Herald (ကိုရီးယား)၊ The Island (သီရိလင်္ကာ)၊ The Nation (ထိုင်း)၊ Vietnam News (ဗီယက်နမ်)တို့ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent