မာဒေးကားချန်ပီယံ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စည်သူဝင်း ကွယ်လွန်ခြင်းအတွက် အမှတ်တရဘောလုံးပွဲ ကစားမည်

မာဒေးကားချန်ပီယံ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စည်သူဝင်း ကွယ်လွန်ခြင်းအတွက် အမှတ်တရဘောလုံးပွဲ ကစားမည်
Published 4 September 2024

 

၂၀၀၆ မာဒေးကားချန်ပီယံ မြန်မာ့လက်ရွေးစင်အသင်းတွင် အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း စည်သူဝင်း ကွယ်လွန်ခြင်းအတွက် အမှတ်တရဘောလုံးပွဲကစားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှတ်တရဘောလုံးပွဲကို ၂၀၀၆ မာဒေးကားချန်ပီယံအသင်းတွင် ပါဝင်ခဲ့သည့် ကစားဖော်များ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း စည်သူဝင်းသည် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး အသက် ၄၇ နှစ်ရှိပြီ ဖြစ်သည်။ 

စည်သူဝင်းသည် ကျောက်ပန်းတောင်းမြို့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ စည်သူဝင်းကွယ်လွန်ခဲ့ခြင်းအတွက် မြန်မာ့ဘောလုံးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများ၊ ကစားဖော်ဟောင်းများက လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်း ရေးသားဖော်ပြလျက်ရှိသည်။ အမှတ်တရပွဲတွင် လက်ရွေးစင်ကစား ဖော်ဟောင်းများ၊ လက်ရှိဘောလုံးသမားများ ပါဝင်ကစားမည်ဖြစ်သည်။

စည်သူဝင်းသည် မြန်မာလူငယ်လက်ရွေးစင်အသင်းများ၊ မြန်မာ့လက်ရွေးစင် အသင်းတို့တွင် ကာလအတန်ကြာ ရွေးချယ်ခံရသူဖြစ်ပြီး မြန်မာ ယူ-၁၈ အသင်းနှင့် ၂၀၀၃ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ချန်ပီယံဆု၊ မြန်မာ့လက်ရွေးစင်အသင်းနှင့် ၂၀၀၆ မာဒေးကားချန်ပီယံဆု၊ မြန်မာ ယူ-၂၃ အသင်းနှင့် ၂၀၀၇ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။ 

စည်သူဝင်း သည် အပျော်တမ်းကစားသမားဘဝတွင်  ပြည်ထဲရေးအသင်း၌ ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မကွေးအသင်းတွင် စတင်ခဲ့ပြီးနောက် ဇေယျာရွှေမြေအသင်းတွင် လည်း ကစားခဲ့ကြောင်း သိရသည်။ စည်သူဝင်းသည် မြန်မာ့ဘောလုံးပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းပြီးနောက်ပိုင်း မကွေးအသင်းတွင် ခြေစွမ်းပြကစားခဲ့သော်လည်း MNL Cup ပြိုင်ပွဲဖြစ်သည့် ရတနာပုံအသင်းနှင့်ပွဲတွင် ခြေသလုံးရိုးကျိုးနောက်ပိုင်း ပုံမှန်ခြေ စွမ်းပြန်ရရန် ရုန်းကန်ခဲ့ရသည်။ စည်သူဝင်း သည် မြန်မာ့လက်ရွေးစင်အသင်းတွင် ကာလအတန်ကြာရွေးချယ်ခံရပြီး အရေးပါသည့် ဂိုးအချို့ သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent