တော့ဒ်ဘိုလီလက်ထက် ချယ်လ်ဆီးအသင်းခေါ်ယူခဲ့သည့် ကစားသမားအများစု၏ ပြောင်းရွှေ့ကြေးတန်ဖိုး လျော့ကျခဲ့ပြီး ဆုံးရှုံးမှုပေါင်သန်း (၄၀၀)နီးပါးရှိနေ

တော့ဒ်ဘိုလီလက်ထက် ချယ်လ်ဆီးအသင်းခေါ်ယူခဲ့သည့် ကစားသမားအများစု၏ ပြောင်းရွှေ့ကြေးတန်ဖိုး လျော့ကျခဲ့ပြီး ဆုံးရှုံးမှုပေါင်သန်း (၄၀၀)နီးပါးရှိနေ
Photo: The Sun
Photo: The Sun
Published 3 September 2024

ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်တွင် ကစားသမားသစ် (၄၂)ဦးခေါ်ယူခဲ့ရာ ၎င်းတို့ထဲမှ ကစားသမားအများစု၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ လက်ရှိအချိန်တွင် လျော့ကျသွားခဲ့သည့်အတွက် ဆုံးရှုံးမှုပမာဏမှာ ပေါင်သန်း(၄၀၀)နီးပါး ရှိနေကြောင်း The Sun က ဖော်ပြခဲ့သည်။

တော့ဒ်ဘိုလီ ဦးဆောင်သည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည် ချယ်လ်ဆီးအသင်းကို ၂၀၂၂ ခုနှစ်မေလတွင် ဝယ်ယူခဲ့ပြီး တော့ဒ်ဘိုလီသည် လက်ရှိအချိန်၌ ချယ်လ်ဆီးအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

၎င်းသည် အပြောင်းအရွှေ့စျေးကွက် (၅)ခုကို ဖြတ်သန်းခဲ့ရာ၌ ကစားသမားသစ် (၄၂)ဦးအထိ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအသုံးပြုခဲ့ရသည့် ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင်(၁.၂၄၅) ဘီလီယံအထိ ရှိခဲ့သည်။

အဆိုပါပြောင်းရွှေ့ကြေးများထဲတွင် အငှားစာချုပ်သက်တမ်းပြည့်ချိန်၌ အပြီးသတ်ခေါ်ယူမည့် ဆန်ချို၏ ယင်းအချိန်တွင်ပေးချေရမည့် ပြောင်းရွှေ့ကြေးတန်ဖိုးကိုလည်း ထည့်သွင်းတွက်ချက်ထားကြောင်း သိရသည်။

ဆန်ချိုမှာ ပြောင်းရွှေ့ကြေးတန်ဖိုး မြင့်တက်သည့် ကစားသမားစာရင်းတွင် ပါဝင်နေပြီး ၎င်းအပါအဝင် ကစားသမား(၁၀) ဦး၏ ပြောင်းရွှေ့ကြေးတန်ဖိုး မြင့်တက်ခဲ့သော်လည်း ကျန်ကစားသမား (၃၂)ဦး၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ လျော့ကျခဲ့ကြောင်း The Sun က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကစားသမား (၄၂)ဦး၏ လက်ရှိစျေးကွက်တန်ဖိုးစုစုပေါင်းမှာ ပေါင်(၈၇၄)သန်းသာရှိတော့သည့်အတွက် ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးတန်ဖိုးနှင့် လက်ရှိစျေးကွက်တန်ဖိုးအရ ချယ်လ်ဆီးအသင်း၏ ဆုံးရှုံးမှုမှာ ပေါင် (၃၇၁)သန်း ရှိခဲ့ကြောင်း သိရသည်။

တော့ဒ်ဘိုလီလက်ထက် တန်ဖိုးအကြီး ဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ကိုင်စီဒိုမှာ ခေါ်ယူစဉ်က ပေါင်(၁၁၅)သန်း ပေးခဲ့ရသော်လည်း လက်ရှိစျေးကွက်တန်ဖိုးမှာ ပေါင်(၆၃.၁)သန်းသာရှိတော့ကြောင်း Transfermarkt ဝက်ဘ်ဆိုက်၏ တန်ဖိုးဖြတ်မှုကို ကိုးကား၍ The Sun က ဖော်ပြခဲ့သည်။

ပေါင်(၁၀၇.၈)သန်း ပေးခဲ့ရသည့် အန်ဇိုဖာနန်ဒက်ဇ်၏ လက်ရှိစျေးကွက်တန်ဖိုးမှာလည်း ပေါင်(၆၃.၁)သန်းသာရှိတော့ကြောင်း သိရသည်။

ခေါ်ယူစဉ်ကထက် တန်ဖိုးမြင့်တက်မှု အများဆုံးဖြစ်လာသည့် ကစားသမားမှာ ကိုးလ်ပါလ်မာဖြစ်ပြီး ခေါ်ယူခဲ့စဉ်က ပေါင်(၄၀.၁)သန်း၊ လက်ရှိပေါက်စျေးမှာ ပေါင်(၆၇.၃)သန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent