ဂျူဗင်တပ်စ်၏ ခေတ်အဆက်ဆက်ကစားပုံမှာ ပျင်းစရာကောင်းပြီး နည်းပြ မော့တာ စိတ်ကြိုက်ကစားခွင့်ပြုရန် ဆက်ချီ တောင်းဆို

ဂျူဗင်တပ်စ်၏ ခေတ်အဆက်ဆက်ကစားပုံမှာ ပျင်းစရာကောင်းပြီး နည်းပြ မော့တာ စိတ်ကြိုက်ကစားခွင့်ပြုရန် ဆက်ချီ တောင်းဆို
Photo: Forza Juventus
Photo: Forza Juventus
Published 29 August 2024

နာမည်ကျော် နည်းပြဟောင်း ဆက်ချီက ဂျူဗင်တပ်စ်အသင်း၏ ခေတ်အဆက်ဆက်ကစားပုံမှာ ပျင်းစရာကောင်းပြီး နည်းပြ မော့တာအား စိတ်ကြိုက်ကစားခွင့်ပြုရန် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခု ၂၀၂၄-၂၅ ရာသီ စီးရီးအေပွဲစဉ် (၂) အပြီးတွင် (၁၀၀) ရာခိုင်နှုန်းပြည့်အနိုင်ရသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေသည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၁) တွင် တန်းတက်ကိုမိုအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သလို၊ ပွဲစဉ် (၂) တွင်လည်း ဗီရိုနာအသင်းကို အဝေးကွင်းတွင် (၃-၀) ဂိိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် အဆိုပါ (၂) ပွဲစလုံး Clean Sheet ရရှိခဲ့သလို၊ တိုက်စစ်ကလည်း (၆) ဂိုးအထိ ရရှိခဲ့ပြီး မော့တာ၏ တိုက်စစ်ဖွင့်ကစားဟန်မှာလည်း ပရိသတ်များအကြိုက် ဖြစ်ခဲ့သည်။

ထို့ကြောင့် စီးရီးအေပွဲစဉ်များကို လေ့လာသုံးသပ်မှုများ ပြုလုပ်နေသည့် ဆက်ချီက မော့တာ၏ ဂျူဗင်တပ်စ်အသင်းကို ချီးကျူးခဲ့ပြီး အသင်းတာဝန်ရှိသူများအနေဖြင့် နည်းပြစိတ်ကြိုက် လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်ချီက ''သီယာဂိုမော့တာက အရမ်းတော်တဲ့ နည်းပြပါ။ ကျွန်တော် ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဘိုလော့ဂ်နာကို သူ ကိုင်တုန်းက သူ့ရဲ့လေ့ကျင့်ရေး အစီအစဉ်တွေကို ကျွန်တော် သွားကြည့်ဖူးလို့ပါပဲ။ ဒါပေမဲ့ မော့တာအနေနဲ့ သတိထားရမယ့်အချက်တွေတော့ ရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ တိုးတက်ဖို့အများကြီးရှိနေသေးတဲ့ လူငယ်ကစားသမားတွေနဲ့ တိုက်စစ်ဖွင့်ကစားနေတာဖြစ်ပြီး တစ်ခါတလေ အဆင်မပြေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အရင်တုန်းက ခေတ်အဆက်ဆက် ပျင်းစရာကောင်းတဲ့ ကစားဟန်နဲ့ ကစားခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းမှာ အရင်တုန်းက ဒါရိုက်တာတွေ ရှိနေဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့အနေနဲ့ ဘယ်လိုရလဒ်တွေပဲ ထွက်ပေါ်လာပါစေ မော့တာကို သူ့စိတ်ကြိုက် လုပ်ကိုင်ခွင့်၊ ကစားခွင့်ပေးသင့်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အတိတ်တုန်းက စီးပွားရေးနဲ့ နိုင်ငံရေးအရ အောင်မြင်ခဲ့ပေမဲ့ သူတို့ရဲ့ကစားဟန်ကတော့ ဘယ်တုန်းကမှ ဆွဲဆောင်မှု မရှိခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။

မော့တာသည် ဂျူဗင်တပ်စ်အသင်းကို ယခုရာသီတွင် စတင်ကိုုင်တွယ်ခဲ့ပြီး ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုကာ တိုက်စစ်ဖွင့်ကစားလျက်ရှိသည်။

လက်ရှိတွင် ၎င်း၏နည်းဗျူဟာမှာ အလုပ်ဖြစ်နေပြီး ချီးကျူးမှုခံနေရသည်။

မော့တာကလည်း ၎င်းအနေဖြင့် စွန့်စားမှုများ ပြုလုပ်ရသည်ကို နှစ်သက်ကြောင်းနှင့် လက်ရှိလူစာရင်းမှာ ယင်းသို့ပြုလုပ်ရန်အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

Most Read

Most Recent