ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ ၁၅ ပေဂုံးတံတားနံရံအား ယာဉ်တစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူများအနက် နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ

ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ ၁၅ ပေဂုံးတံတားနံရံအား ယာဉ်တစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူများအနက် နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ
Published 29 August 2024

ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ ၁၅ ပေဂုံးတံတားနံရံအား ယာဉ်တစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူများအနက် နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း သွားရောက်ကူညီပေးသည့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။

အဆိုပါယာဉ်သည် စမ်းချောင်းဘက်မှ ရွာမကွေ့ဘက်သို့ သွားရာတွင် အရှိန်မထိန်းနိုင်ဘဲ ဗဟိုလမ်းရှိ ၁၅ ပေဂုံးတံတားနံရံအား တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သြဂုတ် ၂၈ ရက်ညကပေါ့နော်။ စမ်းချောင်းဘက်ကနေ ရွာမကွေ့ဘက်ကို သွားတဲ့ဘက်ခြမ်းမှာပေါ့နော်။ အဲဒီ ၁၅ ပေဂုံးတံတားအောက်မှာ အရှိန်လွန်ပြီးတော့ တံတားအောက်က နံရံကို တိုက်မိပြီးတော့ ယာဉ်ပေါ်ပါ အမျိုးသား ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့ပါတယ်။ နောက်ထပ်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ပါတယ်။ တစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရပါတယ်” ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် သြဂုတ် ၂၈ ရက် ည ၁၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ (၁၅)ပေဂုံးတံတားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း ပါရှိသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကားအတွင်းညပ်နေသော အမျိုးသား နှစ်ဦး ‌သေဆုံးပြီး အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းသေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား စမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)မှ သူနာတင်ယာဉ်၊ MAN ပရဟိတအသင်း မှ သူနာတင်ယာဉ်၊ ရတနာအောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်တိုက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent