တာချီလိတ်မြို့တွင် ကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
Published 12 July 2024

တာချီလိတ်မြို့တွင် ကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇူလိုင် ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် စိုင်းဝဏ္ဏ၊ ညီလင်း (ခ) အိုက်ထွန်းနှင့် အောင်ဝင်းတို့ သုံးဦးသည် TOYOTA CROWN မော်တော်ယာဉ် နှစ်စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ကျပ် ၁ ဒသမ ၅၇၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ တုံး၊ အလေးချိန် ၁၀၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent