ပခုက္ကူမြို့မှ သုံးဘီးယာဉ်မောင်းတစ်ဦးအား ငှါးရမ်းသူ ခရီးသည်မှ ဓားဖြင့် ထိုးသတ်

ပခုက္ကူမြို့မှ သုံးဘီးယာဉ်မောင်းတစ်ဦးအား ငှါးရမ်းသူ ခရီးသည်မှ ဓားဖြင့် ထိုးသတ်
Published 31 July 2024

ပခုက္ကူမြို့မှ မီနီအိုးဝေသုံးဘီးယာဉ်မောင်းတစ်ဦး ဇူလိုင်လ ၂၉ ရက်နေ့တွင် ငှါးရမ်းသူခရီးသည်အမျိုးသားက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့ အမှတ် (၆) ရပ်ကွက် ၇ လမ်းနေ ဦးလူ​မော် ( ၆၀)  နှစ် မှာ ၎င်း၏ မီနီအိုးဝေ သုံးဘီးယာဉ်အား အမျိုးသားတစ်ဦးမှ ငှါးရမ်းသည့်အတွက် ဧရာဝတီတံတား( ပခုက္ကူ) တောင်ဖက်ခြမ်းရှိ ညောင်ဦးမြို့နယ်သို့ လိုက်လံပို့ဆောင်ရာမှ ခရီးသည်၏ သတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်ကြောင်း သိရသည်။

အိုးဝေသမားကိုသတ်ပြီး အိုးဝေအားလုယူမောင်းပြေးစဉ် မောင်းမရသဖြင့် တစ်ဘက်ကမ်းသို့ထွက်ပြေးခဲ့ကြောင်း ၊အခင်းဖြစ်ရာအနီးတွင် မှတ်ပုံတင်ကျန်ခဲ့ရာမှ ကျူးလွန်သူကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

' မီနီအိုးဝေသမားတွေ သူစိမ်းဆိုရင်ကို မလိုက်သင့်ဘူး။ ကျွန်တော်တို့ဆို နယ်ကျော်ငှါးလည်း မလိုက်ဘူး။ မြို့ထဲတောင် စက်မှုဇုံငှါးရင် လူရင်းမှ လိုက်တာ။ အရင်ကလည်း အငှါးလိုက်ရင်း ငှါးတဲ့သူရဲ့ သတ်ဖြတ်ခံရတာတွေရှိတယ်။ ခေတ်ကာလမကောင်းတုန်း အရွယ်ငယ်ငယ်မူမမှန်ရင် ဘယ်လောက်ပေးပေး မလိုက်တော့ဘူး ' ဟု မြို့ခံသုံးဘီးယာဉ်မောင်းတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားအား ဖမ်းဆီးရမိထားကြောင်း သိရပြီး ပခုက္ကူမြို့ နေထိုင်သူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent