ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဆက်လက်ယှဉ်ပြိုင်ကစားသွားလိုကြောင်းနှင့် နည်းပြအဖြစ်ဆောင်ရွက်ရန် စဉ်းစားထားခြင်းမရှိကြောင်း စီရော်နယ်လ်ဒို ပြောကြား

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဆက်လက်ယှဉ်ပြိုင်ကစားသွားလိုကြောင်းနှင့် နည်းပြအဖြစ်ဆောင်ရွက်ရန် စဉ်းစားထားခြင်းမရှိကြောင်း စီရော်နယ်လ်ဒို ပြောကြား
Photo: X
Photo: X
Published 27 August 2024

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဆက်လက်ယှဉ်ပြိုင်ကစားသွားလိုကြောင်းနှင့် ကစားသမားဘဝမှ အနားယူချိန်တွင် နည်းပြအဖြစ် ဆောင်ရွက်ရန် စဉ်းစားထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းတွင် ကစားနေသည့် စီရော်နယ်လ်ဒိုသည် အသက်(၃၉)နှစ်ရှိပြီဖြစ်သလို၊ ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အနားယူရန် အကြံပြုမှုများရှိခဲ့သည်။

သို့သော် ၎င်းက Nations League ပြိုင်ပွဲအတွက် ပေါ်တူဂီလက်ရွေးစင်အသင်းလူစာရင်း ထုတ်ပြန်ခြင်းမပြုမီ လက်ရွေးစင်အသင်းအတွက် ဆက်ကစားသွားလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီမီဒီယာ Now နှင့် တွေ့ဆုံရာတွင် စီရော်နယ်လ်ဒိုက ''လာမယ့်ပွဲစဉ်တွေမှာ လက်ရွေးစင်အသင်းကို ကူညီပေးသွားချင်ပါတယ်။ ကျွန်တော်တို့ Nations League ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ရှိနေပြီး ကျွန်တော် တကယ့်ကို ယှဉ်ပြိုင်ကစားချင်ပါတယ်။ ကျွန်တော် လက်ရွေးစင်အသင်းက အနားယူမယ့်အချိန်ကို ဘယ်သူ့ကိုမှ ပြောမထားပါဘူး။ အဲဒီအတွက် ဆုံးဖြတ်ချက်ကို သူ့အလိုလို စေ့ဆော်မှုနဲ့ပဲ လုပ်ဆောင်သွားမှာပါ။ လက်ရှိအခိုက်အတန့်မှာ ကျွန်တော့်အနေနဲ့ ဘယ်အသင်းရဲ့ နည်းပြအဖြစ်မှ ဆောင်ရွက်သွားဖို့ စဉ်းစားထားခြင်း မရှိပါဘူး။ ဒီအကြောင်း ဘယ်တုန်းကမှလည်း မစဉ်းစားခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ဘောလုံးလောကရဲ့ အပြင်ဘက်မှာ ရှိနေမယ်လို့ပဲ မြင်မိပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ် လာမလဲဆိုတာ ဘုရားသခင်ပဲ သိပါတယ်''ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် လာမည့် Naitons League ပြိုင်ပွဲတွင်သာမက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားရန် ရည်ရွယ်ထားကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

၎င်းသည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၂၁၂)ပွဲကစားကာ ဂိုး(၁၃၀) သွင်းယူပေးထားပြီး အသင်း၏ ပွဲအများဆုံးကစားသမားနှင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

ပေါ်တူဂီအသင်းသည် ၂၀၂၄-၂၅ ရာသီ Nations League ပြိုင်ပွဲတွင် League A ၌ အုပ်စု(1)တွင် ခရိုအေးရှား၊ ပိုလန်၊ စကော့တလန်တို့နှင့် ကျရောက်နေပြီး စက်တင်ဘာလအတွင်း နှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent