အပြောင်းအရွှေ့ကာလပြီးဆုံးမှသာ စာချုပ်သစ်ကိစ္စ ဆွေးနွေးမည်ဟု အာဆင်နယ်အသင်းနည်းပြ အာတီတာ အတည်ပြု

အပြောင်းအရွှေ့ကာလပြီးဆုံးမှသာ စာချုပ်သစ်ကိစ္စ ဆွေးနွေးမည်ဟု အာဆင်နယ်အသင်းနည်းပြ အာတီတာ အတည်ပြု
Photo: Fabrizio
Photo: Fabrizio
Published 26 August 2024

အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာက နွေရာသီအပြောင်းအရွှေ့ကာလပြီးဆုံးမှသာ ၎င်း၏စာချုပ်သစ်ကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

အာတီတာ (၄၂ နှစ်) နှင့် အာဆင်နယ်အသင်း၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်ပြီး လာမည့်နှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ ရာသီ စတင်နေပြီဖြစ်သော်လည်း စာချုပ်သစ်ကိစ္စ ဆွေးနွေးခြင်းမရှိသေးသဖြင့် သတင်းထောက်များက မေးမြန်းရာ အာတီတာက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဟုတ်ပါတယ်။ အပြောင်းအရွှေ့ကာလကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့မှာ လုပ်စရာတွေ၊ ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ လုပ်နေကြပြီး မှန်ကန်တဲ့အခိုက်အတန့်မှာ ဒါကို ကျွန်တော်တို့ အလေးအနက်ထားရပါမယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်ထိုင်နေတဲ့ ဒီနေရာမှာ နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့အတူ အလုပ်လုပ်နေသူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ သဟဇာတဖြစ်မှု၊ ယုံကြည်မှု၊ ယုံကြည်ချက်နဲ့ မျှော်မှန်းချက်တွေ လိုက်လျောညီထွေရှိမှုကို ရှာဖွေဖို့ တကယ်ကို ခက်ခဲလို့ပါ။ ဒါက ကျွန်တော် အမြဲတမ်းပြောနေတဲ့အရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ရှေ့မှာ မယုံနိုင်စရာကောင်းတဲ့အချိန်တွေ ရှိနေတုန်းပဲလို့ ယုံကြည်ပါတယ်။ ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ အဲဒီအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားပါတယ်'' ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ် တို့ကဲ့သို့ ကာလရှည်ကိုင်တွယ်ရန် ရည်မှန်းထားခြင်းရှိမရှိ မေးမြန်းမှုအပေါ် အာတီတာက ''ကျွန်တော်က ဒီနေ့နဲ့ မနက်ဖြန်အကြောင်းပဲ စဉ်းစားထားပါတယ်။ ဒါက မန်နေဂျာတွေအတွက် အဖြစ်မှန်ပါပဲ။ ကျွန်တော်တို့က ဒီလို အရေးပေါ်အခြေအနေမျိုးနဲ့ နေထိုင်ရမှာပါ။ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကိုကြည့်ရင် ခင်ဗျားဆီမှာ အစီအစဉ်ရှိမှာပါ။ ဘာလို့လဲ ဆိုတော့ နောက်ပိုင်းမှာ အသင်းက ဘာဖြစ်မလဲဆိုတာ ရလဒ်ဘယ်လောက်ကောင်းလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါက အမှန်တရားပါ။ ဒီကာလမှာ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပြီး ပျော်ရွှင်အောင်လုပ်ပါ'' ဟု ဆက်လက်ပြောကြားသည်။

အာတီတာသည် အာဆင်နယ်အသင်း နှင့် FA ဖလား နှစ်ကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရရှိထားသည်။

 

Most Read

Most Recent