ရတနာဂူ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပုပ္ပါးမယ်တော်ကြီးနန်း နန်းဖွင့်ပွဲ ညီလာခံ အခမ်းအနား ကျင်းပ

ရတနာဂူ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပုပ္ပါးမယ်တော်ကြီးနန်း နန်းဖွင့်ပွဲ ညီလာခံ အခမ်းအနား ကျင်းပ
■သတင်း/ဓာတ်ပုံ-သက်ထွန်းအောင်
■သတင်း/ဓာတ်ပုံ-သက်ထွန်းအောင်
Published 26 August 2024

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းရပ်ရှိ အင်းဝဘုရင် မင်းကြီးစွာစော်ကဲ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရတနာဂူစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်အပ်သော ရတနာဂူ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပုပ္ပါးမယ်တော်ကြီးနန်း နန်းဖွင့်ပွဲ ညီလာခံအခမ်းအနားကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၆ ရက်(၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆုပ် ၇ ရက်) နံနက် ၈ နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အခမ်းအနားမှူးမှ အခမ်းအနားစတင်ဖွင့်လှစ်ခြင်း၊ ရတနာဂူစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကိုယ်စား အတွင်းရေးမှူးမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခြင်း၊ သာသနာပြု ပုပ္ပါးမယ်တော်ကြီးနန်း၏ သိုးတော်ဆောင်း မိဖုရားကြီး ၂ ဦးအား ဂေါပကအဖွဲ့မှ သာသနာပြုသက်တော်ရှည် သိုးတော်ဆောင်းမိဖုရားကြီး ဘွဲ့အပ်နှင်းခြင်း၊ သာသနာပြု ပုပ္ပါးမယ်တော်ကြီးနန်း ဗောင်းတော်ဆောင်းအမတ်ကြီးအား သာသနာပြုသက်တော်ရှည် ဗောင်းတော်ဆောင်း အမတ်ကြီး ရာထူးခန့်အပ်ခြင်း ၊ ဗောင်းတော်ဆောင်းအမတ်ကြီး ရာထူးလက်ခံမည့် ပုဂ္ဂိုလ်အား ဂေါပကအဖွဲ့မှ မေးမြန်းဖွယ်ရာများ မေးမြန်းခြင်း၊ ဗောင်းတော်ဆောင်း အမတ်ကြီး ရာထူးခံအပ်လွှာပေးအပ်ခြင်း၊ ဗောင်းတော်ဆောင်းအမတ်၏ အဆောင်အယောင်များ ချီးမြှင့်ခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ နတ်ကိစ္စ နတ်လမ်းစဉ်များ စတင်လုပ်ကိုင် ဆောင်ရွက်မှုများ စတင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ခွင့်ပြုခြင်း များ ပြုလုပ်ခဲ့ကြသည်။

ရတနာဂူဘုရားပွဲနှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲသည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှ စတင်ကာ နတ်ညီလာခံ၊ ၈ ရက်နှင့် ၉ ရက်များတွင် တက်ပွဲနှင့် ချော့ပွဲ ၊ ၁၀ ရက်နေ့တွင် ချိုးရေတော်သုံးအခမ်းအနားပြုလုပ်ခြင်း ၊ ၁၁ ရက် ၁၂ ရက် ၁၃ ရက်များတွင် တက်ပွဲများနှင့် ၁၄ ရက် တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီးပြန်ပို့ပွဲများ ကျင်းပလေ့ရှိပြီး၊သမိုင်းဝင် ရတနာ့ဂူမြတ်စွာဘုရားပွဲတော်ကို ဝါခေါင်လကွယ်နေ့ နံနက်ပိုင်းတွင် သံဃာများကို ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။

 

Most Read

Most Recent