ရေးမြို့နယ်အတွင်း သြဂုတ်လ ဓာတ်အားသုံးစွဲခများကို တစ်ယူနစ်လျှင် ကျပ် ၂၁၀၀ နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည်ဟု သိရ

ရေးမြို့နယ်အတွင်း သြဂုတ်လ ဓာတ်အားသုံးစွဲခများကို တစ်ယူနစ်လျှင် ကျပ် ၂၁၀၀ နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည်ဟု သိရ
Published 25 August 2024

အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်း မရောက်ရှိသေးသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ယခုသြဂုတ်လ၏ ဓာတ်အားသုံးစွဲခများကို စက်တင်ဘာလတွင် မီတာခအဖြစ် တစ်ယူနစ်လျှင် ကျပ် ၂၁၀၀  နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရေးမြို့နယ် မီးလင်းရေးကော်မတီ၏ ထုတ်ပြန်ချက်ထား အရ သိရသည်။

စက်သုံးဆီစျေးနှုန်း မြင့်တက်လာသည့် အတွက်ကြောင့် သြဂုတ်လအတွင်း သုံးစွဲထား သည့် ဓာတ်အားခများကို လာမည့် စက်တင် ဘာလတွင် တစ်ယူနစ် ကျပ် ၂၁၀၀ နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့်  စက်သုံးဆီ ဝယ်ယူရရှိသည့် အခြေအနေအပေါ်မူတည် ပြီး စျေးနှုန်းအပြောင်းအလဲရှိခဲ့ပါကလည်း ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည့်အခြေအနေကြောင့် လျှပ်စစ်မီးဖြင့် အလုပ်လုပ်ကိုင်နေရသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လတ်တလော ရေးမြို့တွင် နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ လျှပ်စစ်မီးရရှိနေ ကြောင်း ရေးမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မီတာခတွေ စျေး တက်တော့ လျှပ်စစ်မီးနဲ့ ထမင်းဟင်းတွေချက် ပြုတ်ဖို့က အဆင်မပြေတော့ဘူး။ gas တို့၊ ထင်း တို့၊  မီးသွေးတို့နဲ့ ချက်ဖို့ကလည်း သူတို့က လည်း စျေးမသေးတဲ့အပြင် လိုသလောက်လည်း မရဘူး။ စားဖို့သောက်ဖို့အတွက်ကို ချက်ပြုတ် ဖို့တောင် အခက်အခဲရှိနေပြီ” ဟု ပြောကြား သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ရေးမြို့နယ် တစ်ခုတည်းသာ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့်အတွက် ပုဂ္ဂလိကလျှပ်စစ် ဓာတ်အားပေးကုမ္ပဏီများမှ မီးစက်ကြီးများ ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ် ကြောင်း၊ မြတ်သူရထွန်းကုမ္ပဏီအနေဖြင့် ရေး မြို့နှင့် ချောင်းတောင်၊ ဓမင်းဆိပ်၊ အဘော်၊ ဇီးဖြူသောင်၊ ဒူးယား၊ ရွှေပြည်သာအစရှိသော ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နေကြောင်းနှင့် southern Myanmar development (SMD) ကုမ္ပဏီအနေဖြင့် ရေးမြို့နယ် မြောက်ပိုင်းရှိ လမိုင်းမြို့နှင့် မော့ကနင်၊ ကော့ ဒွတ်၊ သောင်ပြင်၊ အနင်း၊ နှစ်ကရင် အစရှိ သည့်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးနေကြောင်း သိရသည်။

Most Read

Most Recent