ပုဂံရှေးဟောင်းစေတီပုထိုးများနှင့် ပတ်သက်ပြီး အသေးစိတ်လေ့လာမှတ်တမ်းတင်ခဲ့သည့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

ပုဂံရှေးဟောင်းစေတီပုထိုးများနှင့် ပတ်သက်ပြီး အသေးစိတ်လေ့လာမှတ်တမ်းတင်ခဲ့သည့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်
Published 23 August 2024

ပုဂံရှေးဟောင်းစေတီပုထိုးများနှင့်ပတ်သက်ပြီး အသေးစိတ်လေ့လာမှတ်တမ်းတင်ခဲ့သည့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Dr.Pierre Pichard မှာ သြဂုတ် ၂၂ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

“ပုဂံရဲ့ ခေတ်သစ်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ရှိရင် ဆရာကြီး Pichard က မပါမဖြစ်ပါ။ ဘယ်နိုင်ငံက ဘယ်ပညာရှင်ပဲလာလာ ဆရာကြီးရဲ့ Inventory List ကိုပဲကြည့်ရတယ်။ အမှီပြုရတယ်။ Refer လုပ်ရတယ်” ဟု ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး မည်သည့်အထောက်အပံ့မျှ မယူဘဲ လုပ်ဆောင်နိုင်သည်ဟု Dr.Pierre Pichard က ပြောကြားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဆရာကြီးကပြောခဲ့ဖူးတယ်။ ဥမ္မာရေ နင် ပုဂံမှာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ဖို့ဆိုရင် နိုင်ငံတကာကနေ ဒေါ်လာသန်းချီတန်တဲ့ ပရောဂျက်ကြီးတွေ မလိုအပ်ပါဘူး။ အမြဲတမ်းပုံမှန် ဘယ်နားမှာမြက်ကလေးတွေ ပေါက်နေပြီလဲ၊ ဘယ်ဘုရားမှာ မိုးတွေယိုနေပြီလဲ၊ ဘယ်ဘုရားက ဘယ်အမွေအနှစ်ကတော့ အုတ်ကလေးကတော့ ကြေနေပြီလဲ၊ ကြွေကျတော့မလဲ အဲ့ဒါမျိုးလေးကိုအမြဲတမ်း လိုက်ပြီးတော့ စစ်နေရင်ပေါ့နော်။ ပုံမှန်လုပ်ပေးရင်းနဲ့ လိုအပ်တာလေးကို ချက်ချင်းပြန် ဖြည့်ဆည်းပေးလိုက်လို့ရှိရင် ပုဂံအမွေအနှစ်တွေက နှစ်ပေါင်းရာချီပြီးတော့ ခံနိုင်ရည်ရှိပါသေးတယ်။ အဲ့ဒီလိုမျိုး ပိုက်ဆံတွေအများကြီး ရှိမှ ပြင်ဆင်ထိန်းသိမ်းရေးဆိုတာ Consernation ဆိုတာမျိုးကို လုပ်နိုင်တာမဟုတ်ပါဘူး။ အမြဲတမ်းစနစ်တကျသူတို့ကို ဂရုစိုက်ပေးနေရင်ကို ဒါအဆင်ပြေတယ်လို့ သူပြောခဲ့တယ်။ အဲ့ဒါကို ကျွန်မအမြဲတမ်း မှတ်မိနေတယ်” ဟု ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Dr.Pierre Pichard မှာ ၁၉၇၅ ပုဂံငလျင်ဖြစ်ပွားအပြီးတွင် ပုဂံဒေသသို့ UNDP ၏ အစီအစဉ်ဖြင့် ရောက်ရှိခဲ့ပြီး ပုဂံရှိရှေးဟောင်းအမွေအနှစ်စာရင်းများကို ကောက်ယူခဲ့သည်။

ဗိသုကာပညာရှင်ဖြစ်သည်နှင့်အညီ ပုဂံရှိ စေတီပုထိုးများကို အမှတ်စဉ်မှတ်သားခြင်း၊ စေတီပုထိုးများ၏ အတိုင်းအတာများကို မှတ်သားခြင်း၊ ဓာတ်ပုံမှတ်တမ်းယူခြင်းများ လုပ်ဆောင်ခဲ့သည်။

ယင်းသို့မှတ်တမ်းတင်ရာတွင် ယင်းခေတ်အခါက မှတ်တမ်းဓာတ်ပုံများကို အိန္ဒိယသို့ ပြန်သွားကာ ဓာတ်ပုံကူးဆေးခြင်းများကို အခေါက်ခေါက်အခါခါ လုပ်ဆောင်ခဲ့ရသည်။

၂၀၁၆ ခုနှစ် ပုဂံငလျင်အပြီးတွင်လည်း ထပ်မံလာရောက်ခဲ့ပြီး ပုဂံဒေသနှင့်ပတ်သက်သည့်အကြံဉာဏ်များ လာရောက်ပြောကြားခဲ့ကြောင်း၊ လာရောက်ချိန်တွင် အသက် ၈၀ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Dr.Pierre Pichard ၏ ပုဂံရှိ စေတီပုထိုးများနှင့်ပတ်သက်ပြီး Inventory List ကို ယူနက်စကိုမှ စာအုပ်ရှစ်အုပ်တွဲအထိ ထုတ်ဝေထားပြီး ယင်းစာအုပ်များမှာ ပြည်တွင်းပြည်ပ ပညာရှင်များ၏ လက်စွဲအဖြစ် အသုံးပြုနေဆဲဖြစ်သည်။

Most Read

Most Recent