၂၀၁၉ ခုနှစ်တွင် ပေါက်ကွဲခဲ့သည့် ဝှိုက်ကျွန်းမီးတောင် ပေါက်ကွဲပြီး မီးခိုးပြာများ မှုတ်ထုတ်နေသဖြင့် နယူးဇီလန်က လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရ

၂၀၁၉ ခုနှစ်တွင် ပေါက်ကွဲခဲ့သည့် ဝှိုက်ကျွန်းမီးတောင် ပေါက်ကွဲပြီး မီးခိုးပြာများ မှုတ်ထုတ်နေသဖြင့် နယူးဇီလန်က လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရ
ဝှိုက်ကျွန်းမီးတောင်က မီးခိုးများ မှုတ်ထုတ်နေပုံကို GNS Science က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့သည့်ပုံ၌ တွေ့ရစဉ်(Photo: AFP)
ဝှိုက်ကျွန်းမီးတောင်က မီးခိုးများ မှုတ်ထုတ်နေပုံကို GNS Science က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့သည့်ပုံ၌ တွေ့ရစဉ်(Photo: AFP)
Published 22 August 2024

ပြာများ မှုတ်ထုတ်နေသော မီးတောင်ပေါက်ကွဲမှုကြောင့် သြဂုတ် ၂၂ ရက်တွင် နယူးဇီလန်နိုင်ငံ၌ လေကြောင်းခရီးများကို ရပ်နားထားရသည်ဟု သိရသည်။

မီးတောင်ပေါက်ကွဲရာမှ မီးခိုးများထွက်လာမှုသည် သီတင်းပတ်ပေါင်းများစွာမှသည် လပေါင်းများစွာအထိ ကြာမြင့်နိိုင်သည်ဟု အစိုးရသိပ္ပံပညာရှင်များက သတိပေးထားသည်။

ယခုမီးတောင်ပေါက်ကွဲမှုသည် ၂၀၁၉ ခုနှစ်တွင် ပေါက်ကွဲခဲ့သော ၀ိှုက်ကျွန်းမီးတောင်ပေါက်ကွဲခြင်းဖြစ်ပြီး ထိုစဉ်က မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့သည်။

တစ်ခါက ကမ္ဘာလှည့်ခရီးသွားများဖြင့် ရေပန်းစားခဲ့သော ၀ိှုက်ကျွန်းသည် နယူးဇီလန်၏မြောက်ကျွန်းမှ ၃၁ မိုင်(ကီလိုမီတာ ၅၀)ခန့်၊ နယူးဇီလန်၏အကြီးဆုံးမြို့ အော်ကလန်မှ ၁၂၄ မိုင်(ကီလိုမီတာ ၂၀၀)ခန့်တွင် တည်ရှိသည်။

မီးတောင်ပြာများသည် လေယာဉ်များပျံသန်းသည့်လမ်းကြောင်းအထိ ရောက်လာသောကြောင့် လေကြောင်းခရီးစဉ် ၁၀ ခုကို သြဂုတ် ၂၂ ရက် စောစောပိုင်းတွင် ဖျက်သိမ်းခဲ့သည်ဟု နယူးဇီလန်အမျိုးသားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

အနီးဝန်းကျင်ရှိ လေပိုင်နက်တွင် မီးခိုးများ လွင့်ပြယ်သွားပြီးနောက် လေကြောင်းခရီးများကို ပြန်စခဲ့သည်ဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အသေးစား မီးတောင်ပေါက်ကွဲမှုသည် ယခုလစောစောပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် မြင်ရသည်ဟု မီးတောင်စောင့်ကြည့်မှုအခြေအနေထုတ်ပြန်ချက်တွင် သုတေသနသိပ္ပံ GNS Science က ဖော်ပြခဲ့သည်။

ယင်းသည် ဖြစ်နေကျ မီးတောင်ပေါက်ကွဲမှုဆိုင်ရာ သံသရာဖြစ်သည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ၀ိှုက်ကျွန်းကို နယူးဇီလန်ဌာနေတိုင်းရင်းသားတို့အသုံးပြုသော မော်ရီဘာ သာစကားဖြင့် ၀ါကာရီကျွန်းဟုခေါ်သည်။

“ဒီလှုပ်ရှားမှုဟာ သီတင်းပတ်များစွာကနေ လပေါင်းများစွာအထိ ဆက်လက်ဖြစ်နေနိုုင်ပါတယ်”ဟု ၎င်းတို့က သတိပေးထားသည်။

သက်ရောက်မှုများသည် အသေးအဖွဲသာဖြစ်မည်ဆိုသော်လည်း နယူးဇီလန်ကျွန်းမကြီးတွင် နေထိုင်သူများသည် မီးတောင်မှထွက်သော ဓာတ်ငွေ့အနံ့များကို ရှုရနိုင်ပြီး မျက်လုံး သို့မဟုတ် လည်ချောင်းတို့တွင် အနည်းငယ်ယားယံနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

နယူးဇီလန်သည် မီးတောင်သတိပေးမှု  အဆင့်သုံးကို ယခုလစောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မီးတောင်ပေါက်ကွဲမှုနှင့် ပတ်သက်သော အမြင့်ဆုံးသတိပေးမှုသည် အဆင့်ငါးအထိရှိသည်။

၂၀၁၉ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက ၀ိှုက်ကျွန်းသို့ သွားရောက်လည်ပတ်ခြင်းများကို ပိတ်ပင်ထားသည်။ ယင်းသို့ပိတ်ပင်ထားခြင်းက သိပ္ပံပညာရှင်တို့၏အလုပ်တာဝန်များအပေါ် သက်ရောက်မှုရှိ နေသည်ဟု ဆိုသည်။

နယူးဇီလန်အစိုးရက အဆိုပါကျွန်းသို့သွားရောက်ခြင်းကို ပိတ်ပင်ထားသောကြောင့်  ယင်းကျွန်း၌ ဖြစ်ပေါ်နေသော မြေငလျင်နှင့် ယင်းကျွန်း၏မြေသားများကိုလေ့လာမှုများ  မလုပ်နိုင်တော့ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။                                  

Ref: AFP

Most Read

Most Recent