ယခုသီတင်းပတ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ယူကရိန်းနှင့် ပိုလန်သို့ သွားရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ယခုသီတင်းပတ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ယူကရိန်းနှင့် ပိုလန်သို့ သွားရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
သြဂုတ် ၁၅ ရက်က နယူးဒေလီမြို့၌ ကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ မိန့်ခွန်းပြောနေစဉ်(Photo: AFP)
သြဂုတ် ၁၅ ရက်က နယူးဒေလီမြို့၌ ကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ မိန့်ခွန်းပြောနေစဉ်(Photo: AFP)
Published 21 August 2024

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် သြဂုတ် ၂၃ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစဉ်အလာမဟာမိတ် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပွေ့ဖက်နှုတ်ဆက်ခဲ့သည့်အတွက် ယူကရိန်း၏ ပြစ်တင်ရှုတ်ချခြင်းခံရပြီးနောက် သီတင်းပတ်များအကြာတွင် မိုဒီအနေဖြင့် ယူကရိန်းသို့ သွားရောက်မည်ဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် သြဂုတ် ၂၂ ရက်တွင် ပိုလန်သို့ သွားရောက်မည်ဖြစ်ကာ သြဂုတ် ၂၃ ရက်တွင် ယူကရိန်းသို့ ဆက်လက်သွားရောက်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မိုဒီသည် အစဉ်အလာအားဖြင့် ရုရှားနှင့်ဆက်ဆံရေးနွေးထွေးမှုကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ဒေသတွင်းပြိုင်ဘက် တရုတ်အားတန်ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်သော လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများ ဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုများအကြား လိမ္မာပါးနပ်စွာ  ဟန်ချက်ထိန်းညှိလျက်ရှိသည်။

မိုဒီ၏ အစိုးရသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းအား ကျူးကျော်ခဲ့ခြင်းကို ပေါ်ပေါ်ထင်ထင်ပြစ်တင်ရှုတ်ချခဲ့ခြင်းမရှိဘဲ မတူကွဲပြားမှုများကို စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းရန် နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့သည်။

မိုဒီ၏ အဆိုပါ အထင်ကရ ခရီးစဉ်အတွင်း ဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူ တန်မာယာလာလ်က ဆိုသည်။

“ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြေငြိမ်းမှုရရှိဖို့ သံတမန်ရေးနဲ့ အပြန်အလှန် စေ့စပ်ဆွေးနွေးရေးကို အိန္ဒိယနိုင်ငံက အစဉ်တစိုက်ထောက်ခံအားပေးပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကမူ ယင်းသည် အိန္ဒိယခေါင်းဆောင်၏ ပထမဆုံး ယူကရိန်းခရီးစဉ်ဖြစ်ကြောင်းနှင့် စာရွက်စာတမ်းအများအပြားကိုလည်း လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သြဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းရုရှားသို့ ပထမဆုံးသွားရောက်သည့် အနေဖြင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇူလိုင် ၈ ရက်ကရုရှားသို့ သွားရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း မိုဒီသည်  ပူတင်အား ပွေ့ဖက်၍ ဓာတ်ပုံအရိုက်ခံခဲ့သည့်အတွက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြစ်တင်ရှုတ်ချခဲ့သည်။

ရုရှားသည် စစ်အေးခေတ်နောက်ပိုင်း  အိန္ဒိယနှင့်ဆက်ဆံရေးအခိုင်အမာ တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးနောက် အိန္ဒိယသည် ရုရှား၏အရေးပါသော ကုန် သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းတွင် အိန္ဒိယသည် စျေးနှုန်းသက်သာစွာဖြင့် ရရှိနေသော ရုရှားထုတ်ရေနံများကိုလည်း စံချိန်တင်ပမာဏအထိ တိုးမြှင့်ဝယ်ယူခဲ့သည်။ လက်ရှိတွင် အိန္ဒိယ၏ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်သည် ရုရှားထံမှဖြစ်သည်။ မိုဒီသည် အရေးပါသော ကုန်သွယ်ဖက်ဖြစ်သကဲ့သို့ စစ်လက်နက် ပစ္စည်းအဓိကရောင်းချပေးသော နိုင်ငံလည်းဖြစ်သည့် ရုရှားနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ဆန္ဒရှိနေသည်။              

Ref: AFP

Most Read

Most Recent