ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပပြုလုပ်ခဲ့

ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပပြုလုပ်ခဲ့
■Photo Credit – Saw Chaint Phaung
■Photo Credit – Saw Chaint Phaung
Published 19 August 2024

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ဩဂုတ် ၁၈ ရက်နေ့ နံနက် ၉ နာရီက ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်စာပေနှင့် ယာဉ်ကျေးမှုအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း၊ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း နှင့် ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အား ကရင်ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် (ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲ) တွင် ကွဲကွာနေသည့် မိသားစုဝင်များ၊ မောင်နှမများ၊ ဆွေမျိုးများပြန်လည် ဆုံတွေ့ကာ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေးအတွက် နှင့် လူကြီးသူမများမှ လူငယ် လူရွယ်များအား ဆုံးမစကားပြောကြားနိုင်ရေးအတွက် အဓိကရည်ရွယ်ပြီးကျင်းပပြုလုပ်ကြခြင်းဖြစ်ကြောင်း နှင့် ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကို ချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ချည်နှောင်ကြခြင်းဖြစ်ကြောင်း ဘားအံမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်မှာ ပါဝင်တဲ့ စကော၊ ယောင်းမ၊ ငှက်ပျော်သီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်း စတဲ့ ပစ္စည်းတွေမှာလည်း တစ်ခုချင်းစီမှာ အဓိပ္ပါယ်တွေရှိပါတယ်။ အနှစ်ချုပ်ကတော့ စည်းလုံးညီညွတ်မှုပါဘဲ။ ဒီလိုအဓိပ္ပါယ်တွေနဲ့ ပြည့်စုံနေတဲ့ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို လက်ဆင့်ကမ်းအမွေပေးခဲ့ကြတဲ့ ဘိုးဘွားတွေကို အမြဲအမှတ်ရနေကြမှာပါ” ဟု ပြောကြားသည်။

ယခုနှစ် ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်မှာ (၄၅) ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့သော ပွဲတော်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent