ဆော်ဒီစူပါဖလားဗိုလ်လုပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် စီရော်နယ်လ်ဒို ဒေါသပေါက်ကွဲခဲ့ပြီး ဆုပေးပွဲတက်ရောက်ခြင်းမပြုဘဲ ကွင်းအတွင်းမှထွက်ခွာခဲ့

ဆော်ဒီစူပါဖလားဗိုလ်လုပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် စီရော်နယ်လ်ဒို ဒေါသပေါက်ကွဲခဲ့ပြီး ဆုပေးပွဲတက်ရောက်ခြင်းမပြုဘဲ ကွင်းအတွင်းမှထွက်ခွာခဲ့
Photo: X
Photo: X
Published 19 August 2024

အယ်လ်နာဆာအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီစူပါဖလားဗိုလ်လုပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် ဒေါသပေါက်ကွဲခဲ့ပြီး ဆုပေးပွဲတက်ရောက်ခြင်းမပြုဘဲ ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

အယ်လ်နာဆာအသင်းသည် ဆော်ဒီစူပါဖလားဗိုလ်လုပွဲတွင် ပြီးခဲ့သည့်ရာသီက ဆော်ဒီပရိုလိဂ်တွင်ရော ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲတွင်ပါ ချန်ပီယံဆုရရှိခဲ့သည့် အယ်လ်ဟီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး (၁-၄)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန်(၄၄)မိနစ်၌ သွင်းယူပေးနိုင်ခဲ့သော်လည်း အယ်လ်ဟီလာအသင်းက ဒုတိယပိုင်းတွင် (၄)ဂိုးပြန်သွင်းကာ အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

အယ်လ်ဟီလာအသင်းသည် အဆိုပါသွင်းဂိုး(၄)ဂိုးကို (၁၇)မိနစ်အတွင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည့်အတွက် စီရော်နယ်လ်ဒိုက အသင်းဖော်များအား အလွန်စိတ်ပျက်သည့် အမူအရာများလည်း ပြုလုပ်ပြခဲ့ပြီး အိပ်ပျော်နေကြသည်ဆိုသည့်ပုံစံမျိုး ပြုလုပ်ပြခဲ့ကြောင်းလည်း သိရသည်။

ပြိုင်ဘက် အယ်လ်ဟီလာအသင်း၏ ပရိသတ်များကလည်း ၎င်းတို့ (၄)ဂိုးမြောက် သွင်းယူပြီးချိန်၌ ''မက်ဆီ၊ မက်ဆီ''ဟု အော်ဟစ်ကာ စီရော်နယ်လ်ဒိုကို လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့တွင် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်အထိ Arab Club Champions Cup တစ်ခုသာ ရယူနိုင်ခဲ့သည်။

၎င်းအနေဖြင့် အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ(၇၂)ပွဲတွင် (၆၆)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သော်လည်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု၊ ဆော်ဒီဘုရင့်ဖလားနှင့် ဆော်ဒီစူပါဖလားတို့ကို ရယူနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် စီရော်နယ်လ်ဒိုက ပိုမိုဒေါသထွက်ခဲ့ခြင်းဖြစ်ပြီး ပွဲအပြီး၌ ဒုတိယငွေတံဆိပ်ဆုကို လက်ခံရယူခြင်းမပြုဘဲ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုအနေဖြင့် အသင်းဖော်များအား စိတ်တိုင်းမကျသည့်အမူအရာ ပြုလုပ်ပြခဲ့ခြင်းနှင့် အသင်း၏ စွမ်းဆောင်ရည်အပေါ် မကျေနပ်ကြောင်း ပြသခဲ့ခြင်းတို့ကြောင့် နည်းပြဖြစ်သူ လူးဝစ်ကတ်စထရို၏ အနာဂတ်မှာလည်း လှုပ်ခတ်လာကြောင်း သိရသည်။

ပေါ်တူဂီလူမျိုးဖြစ်သည့် လူးဝစ်ကတ်စထရိုသည် ပြီးခဲ့သည့်ရာသီတွင် အယ်လ်နာဆာအသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် Arab Club Champions Cup ရယူပေးနိုင်ခဲ့သော်လည်း အခြားပြိုင်ပွဲများတွင် ရလဒ်မကောင်းခဲ့သည့်အပြင် ယခုအခါ ဆော်ဒီစူပါဖလားပြိုင်ပွဲ၌ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် အနာဂတ်မရေမရာဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၅ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို ယခုတစ်ပတ် သြဂုတ် (၂၂)တွင် စတင်တော့မည်ဖြစ်ပြီး အယ်လ်နာဆာအသင်းတာဝန်ရှိသူများအနေဖြင့် နည်းပြအပြောင်းအလဲ ပြုလုပ်နိုင်ခြေရှိကြောင်း သိရသည်။

ကတ်စထရို၏ အေးဂျင့်ဖြစ်သူကမူ ''ကျွန်တော်တို့ ဘာအကြောင်းကြားမှုမှတော့ မရသေးပါဘူး။ ကတ်စထရိုက ရာသီသစ်မှာ အသင်းနဲ့အတူ အောင်မြင်မှုရယူသွားနိုင်ဖို့  ဆန္ဒရှိနေပါတယ်။ စူပါဖလားမှာ  အောင်မြင်မှုမရခဲ့ပေမဲ့ တခြားပြိုင်ပွဲတွေမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent