■ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင် စီရော်နယ်လ်ဒိုကို UEFA အထူးဆုချီးမြှင့်မည်

■ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင် စီရော်နယ်လ်ဒိုကို UEFA အထူးဆုချီးမြှင့်မည်
Photo: BT Sport
Photo: BT Sport
Published 29 August 2024

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဖြစ်သည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား အထူးဂုဏ်ပြုဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

စီရော်နယ်လ်ဒိုအား ယင်းအထူးဆုကို သြဂုတ်လ ၂၉ ရက်(ယနေ့)၌ မိုနာကိုရှိ Grimaldi Forum တွင်ကျင်းပမည်ဖြစ်သော ၂၀၂၄-၂၅ ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ် League Phase မဲခွဲပွဲအခမ်းအနားတွင် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်မှ ချီးမြှင့်မည်ဖြစ်သည်။   

စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းများနှင့်အတူ ကစားခဲ့ပြီး စုစုပေါင်း ၁၈၃ ပွဲ ကစားရာတွင် ဂိုးပေါင်း ၁၄၀ အထိ သွင်းယူနိုင်ခဲ့သည်။

စီရော်နယ်လ်ဒိုအနေဖြင့် ၎င်း၏နောက်မှ မက်ဆီကို ၁၁ ဂိုးနှင့် လီဝန်ဒေါစကီးကို ၄၆ ဂိုးအထိ ဖြတ်ထားလျက်ရှိသည်။

၎င်းသည် ချန်ပီယံလိဂ်ဖလားကို ၂၀၀၈၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁ရနှင့် ၂၀၁၈ ခုနှစ်များ၌ ငါးကြိမ်၊ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးအဖြစ် ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များ၌ ခုနစ်ကြိမ်အထိ ရရှိခဲ့သည်။

၂၀၁၅ ပြိုင်ပွဲတွင်သာ စီရော်နယ်လ်ဒိုသည် မက်ဆီ၊ နေမာတို့နှင့် ၁၀ ဂိုးစီဖြင့် ပူးတွဲရပ်တည်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် ၂၀၁၄ ပြိုင်ပွဲတွင် ၁၇ ဂိုး၊ ချန်ပီယံ လိဂ်ပွဲဆက်အများဆုံးဂိုးသွင်းမှုအဖြစ် ၁၁ ပွဲ၊ ချန်ပီယံလိဂ် ဟက်ထရစ်အများဆုံးအဖြစ် ရှစ်ကြိမ်အထိ ရှိခဲ့သည်။

စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲဗိုလ်လုပွဲ သုံးကြိမ်(၂၀၀၈၊ ၂၀၁၄၊ ၂၀၁၇)ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့သည်။

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် သြဂုတ် ၂၇ ရက်က အယ်လ်ဖေဟာအသင်းအား ၄-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုး သွင်းယူပြီးနောက် ကစားသမားဘဝသွင်းဂိုး ၈၉၈ ဂိုးအထိ ရှိလာပြီး ဂိုး ၉၀၀ ပြည့်ရန် တစ်ဂိုးသာ လိုအပ်တော့သည်။

ထို့ပြင် ဖရီးကစ်သွင်းဂိုး ၆၄ ဂိုးအထိ ရှိလာပြီး မက်ဆီ(၆၅ ဂိုး)ကိုလိုက်မီရန် တစ်ဂိုးသာလိုတော့သည်။

Most Read

Most Recent