ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် အိန္ဒိယနိုင်ငံတစ်ဝန်း၌ ဆရာဝန်များ သပိတ်မှောက်ဆန္ဒပြ

ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် အိန္ဒိယနိုင်ငံတစ်ဝန်း၌ ဆရာဝန်များ သပိတ်မှောက်ဆန္ဒပြ
သြဂုတ် ၁၇ ရက်က အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌ ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုတွင် လက်ကိုင်ပိုစတာ ကိုင်ဆောင်၍ ဆန္ဒပြနေသည့် ဆရာဝန်တစ်ဦးအား တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၁၇ ရက်က အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌ ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုတွင် လက်ကိုင်ပိုစတာ ကိုင်ဆောင်၍ ဆန္ဒပြနေသည့် ဆရာဝန်တစ်ဦးအား တွေ့ရစဉ်(Photo: AFP)
Published 17 August 2024

ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် လူမဆန်သောဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၇ ရက်က အိန္ဒိယနိုင်ငံ၏ နေရာအနှံ့အပြားတွင် ဆရာဝန်များက သပိတ်မှောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ထိုဖြစ်စဉ်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် အိန္ဒိယတွင် အကြီးအကျယ် အမျက်ဒေါသထွက်မှုများကို ဖြစ်စေခဲ့သည်။

သြဂုတ် ၉ ရက်က အိန္ဒိယနိုင်ငံအရှေ့ ပိုင်း၊ ကိုလ်ကတ္တားမြို့ရှိ အစိုးရပိုင်ဆေးရုံတစ်ရုံ၌ လူမဆန်စွာ ကျူးလွန်ခံထားရသော ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့သည်။ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီကလည်း အမျိုးသမီးများအပေါ် အလွန် စက်ဆုပ်ဖွယ်ကောင်းသော ပြစ်မှုများကျူးလွန်ခဲ့သူများကို အမြန်ဆုံးအရေးယူအပြစ်ပေးရန် တိုက်တွန်းထားသည်။    

ဆန္ဒပြပွဲ အများအပြားကို ဆရာဝန်များနှင့် အခြားသော ကျန်းမာရေးဌာနဝန်ထမ်းများက ဦးဆောင်ခဲ့သော်လည်း သောင်းနှင့်ချီသည့် သာမန်ပြည်သူများလည်း ပါဝင်လာခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

ကိုလ်ကတ္တားမြို့တွင် သြဂုတ် ၁၇ ရက် နံနက်အစောပိုင်းအထိ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

“ရောဂါကုသပေးတဲ့ လက်တွေကို သွေးမစွန်းသင့်ဘူး”ဟု ကိုလ်ကတ္တားမြို့တွင် ဆန္ဒပြသူတစ်ဦးက လက်ရေးဖြင့်ရေးထားသော ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ဆန္ဒပြခဲ့သည်။

မြို့တော်နယူးဒေလီတွင် ပြုလုပ်သည့် စုဝေးဆန္ဒပြပွဲတစ်ခုတွင်လည်း “ရပ်တန်းက ရပ်သင့်ပြီ” “မုဒိမ်းမှုကျူးလွန်သူကို ကြိုးပေးကွပ်မျက်ပါ” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်။

အသတ်ခံရသည့် ဆရာဝန်၏ အလောင်းကို ယင်းဆေးရုံရှိ နှီးနှောဖလှယ်ပွဲပြုလုပ်ရာ ခန်းမ၌ တွေ့ရှိခဲ့သည့်အတွက် ၎င်းဆရာဝန်သည် ၃၆ နာရီ အလုပ်ချိန်အတွင်း ခေတ္တအနားယူရန် ယင်းနေရာသို့ သွား ရောက်ခဲ့ပုံရကြောင်း သိရသည်။

အလောင်းအား ခွဲစိတ်စစ်ဆေးရာတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံခဲ့ရကြောင်း အတည်ပြုထားပြီး ရုံးတော်သို့ တင်သွင်းချက်တစ်ခုတွင်လည်း သေဆုံးသူသည် အုပ်စုလိုက် အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိကြောင်း ၎င်း၏မိဘများက ထွက်ဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆေးရုံ၌ လူနာများ စုပြုံကျနေစဉ်အတွင်း လူနာများအားကူညီပေးရသည့် အလုပ်ကို လုပ်ကိုင်ခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

သို့ရာတွင် ယမ်းပုံမီးကျဖြစ်နေသည့် လူထုကကိုလ်ကတ္တားရဲတပ်ဖွဲ့သည် ထိုအမှုအား ည့ံဖျင်းစွာကိုင်တွယ်နေသည်ဟု စွပ်စွဲလျက်ရှိပြီး ကိုလ်ကတ္တားမြို့၏ အထက်တရားရုံးသည် ယင်းအမှုအားစစ်ဆေးရန်နှင့် လူထု၏ယုံကြည်မှုရရှိနိုင်ရန်အတွက် အိန္ဒိယ၏ ထိပ်တန်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုသို့ လွှဲပြောင်းပေးထားသည်။

“အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ စက်ဆုပ်ရွံရှာဖွယ် အပြုအမူတွေကို ပြင်းပြင်းထန်ထန်နဲ့ အမြန်ဆုံး အပြစ်ပေးရမှာဖြစ်တယ်” ဟု သြဂုတ် ၁၅ ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်က အိန္ဒိယ၏ ပြည်နယ်အများအပြားရှိ အစိုးရဆေးရုံများမှ ဆရာဝန်များသည် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို ရပ်ဆိုင်းထားပြီး အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း အများအပြားကလည်း ယင်းသို့သပိတ်မှောက်မှုများကို ထောက်ခံခဲ့သည်။ အိန္ဒိယဆေးဘက် ဆိုင်ရာအဖွဲ့အစည်း (IMA)ကလည်း အရေးတကြီး မလိုအပ်သော ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားသည်။          

Ref: AFP

Most Read

Most Recent