ချန်ပီယံလိဂ်ခြေစစ်ပွဲမှ ထွက်ခဲ့ရအပြီးတွင် ဒိုင်လူကြီးများ၏အဆင့်အတန်း တိုးတက်လာလျှင် မိမိတို့အသင်း ယူရိုပါလိဂ်ဖလားရနိုင်ဟု မော်ရင်ဟို ဝေဖန်

ချန်ပီယံလိဂ်ခြေစစ်ပွဲမှ ထွက်ခဲ့ရအပြီးတွင် ဒိုင်လူကြီးများ၏အဆင့်အတန်း တိုးတက်လာလျှင် မိမိတို့အသင်း ယူရိုပါလိဂ်ဖလားရနိုင်ဟု မော်ရင်ဟို ဝေဖန်
Photo: X
Photo: X
Published 15 August 2024

ချန်ပီယံလိဂ် တတိယအဆင့်ခြေစစ်ပွဲမှ ထွက်ခဲ့ရအပြီးတွင် ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ဒိုင်လူကြီးများ၏အဆင့်အတန်း တိုးတက်လာလျှင် သူ၏အသင်းမှာ ယူရိုပါလိဂ်ဖလား ရနိုင်ကြောင်း ဝေဖန်ခဲ့သည်။

မော်ရင်ဟို၏ ဖီနာဘာချီအသင်းသည် ချန်ပီယံလိဂ်တတိယအဆင့်ခြေစစ်ပွဲ ဒုတိယအကျော့တွင် ပြင်သစ်ကလပ် လိုင်လီအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ပြီးနောက် နှစ်ကျော့ပေါင်း (၂-၃)ဂိုးဖြင့် ခြေစစ်ပွဲအဆင့်မှ ထွက်ခွာခဲ့ရသည်။

ဖီနာဘာချီအသင်းသည် ယင်းပွဲ မိနစ်(၉၀)အပြီး နာကျင်အချိန်ပိုတွင် လိုင်လီနောက်ခံလူ ဒီယာခီတေ၏ Own Goal ကြောင့် (၁-၀)ဂိုးနှင့် ပြန်အနိုင်ရသဖြင့် နှစ်ကျော့ပေါင်း (၂-၂)ဖြစ်သွားကာ အချိန်ပို မိနစ်(၃၀) ဆက်ကစားရခြင်းဖြစ်သည်။

(၁၀၉)မိနစ်တွင် လိုင်လီကစားသမားတစ်ဦး ထုတ်ပယ်ခံရသော်လည်း (၁၁၈)မိနစ်တွင် လိုင်လီ ပယ်နယ်တီရရှိကာ တိုက်စစ်မှူး ဒေးဗစ်က ချေပဂိုးပြန်သွင်းခဲ့သည်။

ထို့ကြောင့် ဖီနာဘာချီအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲမှ ထွက်ခွာရပြီးနောက် ယူရိုပါလိဂ် League Phase သို့ ပြောင်းလဲယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပွဲအပြီးတွင် ယင်းပွဲမှ ကွင်းလယ်ဒိုင်လူကြီး၏စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ခဲ့ရာတွင် မော်ရင်ဟိုက ၂၀၂၂-၂၃ ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ရိုးမားနှင့် ဆီဗီလာတို့ ကစားခဲ့သည့်ပွဲတွင် အင်္ဂလန်ဒိုင်လူကြီးဖြစ်သူ အန်သိုနီတေလာ၏ ပွဲကိုင်တွယ်မှုနှင့် နှိုင်းယှဉ်ကာ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

''စီးပွားရေးအရ ကျွန်တော်တို့ ဆုံးရှုံးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အသင်းကို အရေးပါတဲ့မြှင့်တင်မှုတစ်ခုပါပဲ။ ကမ္ဘာပေါ်က ထိပ်သီးအသင်းတွေနဲ့ ကစားခွင့်ရမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ဘယ်တော့မှ ဗိုလ်မစွဲနိုင်ပါဘူး။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ဘယ်တော့မှ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲဆီသွားမယ်။ ယူရိုပါလိဂ်မှာ တကယ်လို့ ကျန်တာတော့ ကျွန်တော် မပြောလိုတော့ပါဘူး။ တကယ်လို့ဆိုတဲ့နေရာမှာပဲ ရပ်နေချင်တယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ တကယ်လို့ ထူးချွန်ပြောင်မြောက်စွာ လုပ်နိုင်မယ်ဆိုရင်ပေါ့။ ရိုးမားနဲ့ ဆီဗီလာ ယူရိုပါလိဂ်ဖိုင်နယ်ကို ခင်ဗျားကို စောင့်ကြည့်ဖို့ ဖိတ်ခဲ့ရင်တော့ ပိုသိပြီး နားလည်မှာပါ။ ကျွန်တော့်အနေနဲ့ တကယ်လို့ထက်လည်း ပိုပြီးတော့ မပြောနိုင်ပါဘူး။ ဒီလိုမှမဟုတ်ရင် ကျွန်တော် ဒုက္ခရောက်သွားနိုင်ပါတယ်''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် အန်သိုနီတေလာသည် ရိုးမားအသင်းကို အဝါကတ် ခုနစ်ကတ် ပြသခဲ့ကြောင်း သိရသည်။

ဖီနာဘာချီအသင်းသည် ပြီးခဲ့သည့်ရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲတွင် ဒုတိယနေရာသာ ရခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေသည့် အမှတ်ပေးချန်ပီယံအိပ်မက်အတွက် နာမည်ကျော်နည်းပြ မော်ရင်ဟိုအား ခေါ်ယူထားခြင်းဖြစ်သည်။

Most Read

Most Recent