ပေါင်သန်း (၁၅၀)နီးပါး သုံးထားသော်လည်း ကစားသမားသစ်များထပ်မံခေါ်ယူရန် မန်ယူတာဝန်ရှိသူများဆွေးနွေးနေပြီး အဓိကပစ်မှတ်အဖြစ် အူဂါတေ ဆက်ရှိနေ

ပေါင်သန်း (၁၅၀)နီးပါး သုံးထားသော်လည်း ကစားသမားသစ်များထပ်မံခေါ်ယူရန် မန်ယူတာဝန်ရှိသူများဆွေးနွေးနေပြီး အဓိကပစ်မှတ်အဖြစ် အူဂါတေ ဆက်ရှိနေ
Published 15 August 2024

မန်ယူအသင်းတာဝန်ရှိသူများသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း (၁၅၀)နီးပါး အသုံးပြုထားပြီးဖြစ်သော်လည်း ကစားသမားသစ်များ ထပ်မံခေါ်ယူရန် ဆွေးနွေးနေကြပြီး PSG ကွင်းလယ်ကစားသမား အူဂါတေမှာ ၎င်းတို့၏ဦးစားပေးပစ်မှတ်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ယခုနွေတွင် ဘိုလော့ဂ်နာအသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇက်ဇီ၊ လိုင်လီအသင်းမှ ပြင်သစ်နောက်ခံကစားသမား ယိုရို၊ ဘိုင်ယန်မြူးနစ်အသင်းမှ နယ်သာလန်နောက်ခံလူ ဒီလစ်နှင့် မော်ရိုကိုနောက်ခံလူ မာဇရာဝီတို့ကို ပေါင် (၁၄၈)သန်းကျော် အသုံးပြုကာ ခေါ်ယူထားပြီဖြစ်သည်။

သို့သော် မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရန် ဦးစားပေးလုပ်ဆောင်နေကြောင်း သိရှိရသည်။

ယခုနွေရာသီပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက်မှာ သြဂုတ်လ (၃၀)ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ကစားသမားတစ်ဦး ခေါ်ယူရန် (၁၅)ရက် အချိန်ရဦးမည်ဖြစ်သည်။

မန်ယူအသင်းသည် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် PSG အသင်းမှ ဥရုဂွေးကွင်းလယ်အဖျက်ကစားသမား အူဂါတေအား ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် အသက် (၂၃) နှစ်အရွယ်ရှိ အူဂါတေအား ခေါ်ယူရန် ယခုနွေ ရာသီအပြောင်းအရွှေ့ဈေးကွက် စဖွင့်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းအနေဖြင့် အူဂါတေအား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး PSG အသင်း တောင်းဆိုသည့် ပြောင်းရွှေ့ကြေး ပေါင် (၅၁)သန်းကြောင့် အခက်တွေ့နေကြောင်း သိရသည်။

မန်ယူအသင်းသည် အူဂါတေအား မခေါ်ယူနိုင်ပါက အစားထိုးခေါ်ယူရန် မိုနာကိုကွင်းလယ်လူ ယူဆွဖ်ဖိုဖာနာနှင့် ဘန်လေကွင်းလယ်လူ ဆန်ဒါဘာဂျီတို့ကိုလည်း ချိတ်ဆက်လျက်ရှိသည်။ ထို့ပြင် မန်ယူအသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဒီယွန်းကိုလည်း ခေါ်ယူလိုနေကြောင်း သိရသည်။

Most Read

Most Recent