ထိုင်းဘတ်ငွေဈေး မြင့်တက်မှုကြောင့် မြဝတီမြို့ရှိ စက်သုံးဆီဆိုင်အချို့ ကျပ် ၅၀၀၀၀ ဖိုးအထက် ဝယ်ယူသူများကို ဘတ်ငွေဖြင့်သာရောင်းချ

ထိုင်းဘတ်ငွေဈေး မြင့်တက်မှုကြောင့် မြဝတီမြို့ရှိ စက်သုံးဆီဆိုင်အချို့ ကျပ် ၅၀၀၀၀ ဖိုးအထက် ဝယ်ယူသူများကို ဘတ်ငွေဖြင့်သာရောင်းချ
Published 14 August 2024

ထိုင်းဘတ်ငွေစျေး စံချိန်တင်မြင့်တက် လာခြင်းကြောင့် မြန်မာ- ထိုင်းနယ်စပ် မြဝတီ မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ကျပ် ၅၀၀၀၀ ဖိုးနှင့်အောက် ဝယ်ယူသူများကို သာ ကျပ်ငွေဖြင့်ရောင်းချပြီး ကျပ် ၅၀၀၀၀ ဖိုးထက် ပိုမိုဝယ်ယူသူများကို ထိုင်းဘတ်ငွေ ဖြင့်သာ ရောင်းချကြောင်းသိရသည်။

မြဝတီမြို့ (အာရှလမ်း) ဘုရင့်နောင်လမ်း မကြီးရှိ စက်သုံးဆီအရောင်းဆိုင်၌ ကားဆီဖြည့် ပြီးပြန်လာသူတစ်ဦးက “သြဂုတ် ၁၃ ရက် မနက်က ကားဆီသွားဖြည့်တာ မြန်မာငွေနဲ့ ၅၀၀၀၀ ဖိုးပဲရတယ်။ ငါးသောင်းဖိုးအထက် လိုချင်ရင်တော့ ထိုင်းဘတ်ငွေပေးမှ ရောင်း ပေးပါတယ်” ဟု ဆိုသည်။

သြဂုတ်လအတွင်း မြန်မာကျပ်ငွေတန် ဖိုး သိသိသာသာကျဆင်းလာပြီး သြဂုတ် ၁၃ ရက် နံနက်က ငွေလဲလှယ်ရေးစျေးကွက်တွင်း မြန်မာကျပ်ငွေတစ်သိန်းလျှင် ဘတ် ၅၂၀ သာ ရရှိပြီး ဘတ်ပေးပြီး ကျပ်ငွေယူလျှင် မြန်မာငွေ ကျပ်ငွေ တစ်သိန်းလျှင် ၅၄၀ ဘတ် (တစ်ဘတ်=  ၁၈၅ ကျပ်) စျေးရှိသည်ဟု ဆိုသည်။

မြဝတီမြို့ပေါ်ရှိ အချို့သော စားသောက် ဆိုင်များ၊ ရှမ်းတရုတ်များ ရောင်းချသည့်စျေး  ဆိုင်များတွင် ထိုင်းဘတ်ငွေဖြင့်သာ ရောင်းချ ကြကြောင်း စားသုံးသူများထံမှ သိရသည်။

ထို့အတူ မြဝတီ မြို့ပေါ်ရှိ မြန်မာနိုင်ငံ သားများရောင်းချသော အိမ်ဆောက်ပစ္စည်း ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အလှကုန် အရောင်းဆိုင်များ၊ စတိုးဆိုင်များ၊ လူ့အသုံး အဆောင်ပစ္စည်း ရောင်းချသည့်ဆိုင် များတွင် ထိုင်းဘတ်ငွေပေါက်စျေးဖြင့် တွက်ချက်ပြီး သာ ရောင်းချကြကြောင်း သိရသည်။

“ထိုင်းကနေ အခုဝယ်လာတဲ့ပစ္စည်းကို ပေါက်စျေးနဲ့တွက်ပြီးရောင်းချတာ မပြော သာပေမဲ့ အရင်က ဆိုင်မှာတင်ထားတဲ့ပစ္စည်း တွေကို ဒီနေ့ဘတ်ပေါက်စျေးနဲ့တွက်ရောင်း နေကြတာ စားသုံးသူပြည်သူတွေ နစ်နာတာ ပေါ့။ အဆိုးဆုံးကတော့ ပြည်တွင်းက လာတဲ့ မြန်မာပစ္စည်းတွေ၊ တရုတ်လုပ်ပစ္စည်းတွေကို ပါ ဘတ်နဲ့ တွက်ရောင်းနေကြတာပါပဲ။ ဘတ် ငွေစျေးတက်လာတာ အခြေခံလူတန်းစားတွေ အလူးအလဲခံနေရပါတယ်}}ဟု စျေးဝယ်တစ် ဦးက ပြောကြားသည်။

ဒေါ်လာစျေး၊ရွှေစျေးနှင့်အပြိုင် ထိုင်း ဘတ်ငွေစျေးမှာ နှစ်ပေါင်း ၅၀ အတွင်း ထူး ထူး ခြားခြား အမြင့်ဆုံးစျေးဖြစ်လာနေကြောင်း မြဝတီဒေသခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent