Mpox ရောဂါနှင့်ပတ်သက်၍ WHO ၏ အရေးပေါ်ကော်မတီက သြဂုတ် ၁၄ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်မည်

Mpox ရောဂါနှင့်ပတ်သက်၍ WHO ၏ အရေးပေါ်ကော်မတီက သြဂုတ် ၁၄ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်မည်
Mpox ရောဂါကို အဏုကြည့်မှန်ပြောင်းဖြင့် မြင်တွေ့ရစဉ်(Photo:AFP)
Mpox ရောဂါကို အဏုကြည့်မှန်ပြောင်းဖြင့် မြင်တွေ့ရစဉ်(Photo:AFP)
Published 11 August 2024

အာဖရိကနိုင်ငံ အများအပြားတွင် ဖြစ်ပွားနေသည့် Mpox ရောဂါအပေါ် အမြင့်ဆုံးသတိပေးချက်အဆင့် သတ်မှတ်ထုတ်ပြန် သင့်မသင့် ဆုံးဖြတ်ရန် ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(WHO)၏ အရေးပေါ်ကော်မတီက သြ ဂုတ် ၁၄ ရက်တွင် တွေ့ဆုံသွားမည်ဟု ပြောကြားခဲ့သည်။

တံခါးပိတ် အွန်လိုင်းအစည်းအဝေးတစ်ရပ်ကို သြဂုတ် ၁၄ ရက်တွင် စတင်ပြုလုပ်သွားမည်ဟု WHO က သတင်းထောက်များကို ပြောကြားခဲ့သည်။

“Mpox ကူးစက်မှုကို နိုင်ငံတကာဆိုင်ရာ စိုးရိမ်ဖွယ်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် သတ်မှတ်သင့်၊ မသင့်သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကော်မတီက ကျွန်တော့်ကို ပြောပြသွားမှာဖြစ် ပါတယ်”ဟု WHO အကြီးအကဲ တက်ဒရို အာဒါနွန်ဂီဘရီယေဆုက လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။

“ဒီလိုဖြစ်လာရန် ရောဂါကို ဘယ်လိုကောင်းမွန်စွာ ဟန့်တားသင့်ကြောင်းနဲ့ ရောဂါပျံ့နှံ့မှုကို ဘယ်လိုလျှော့ချသွားမလဲဆိုတဲ့အပေါ် အကြံဉာဏ်ပေးလာပါလိမ့်မယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ကူးစက်ဖြစ်ပွားခဲ့သည့် နိုင်ငံတကာရောဂါ ကူးစက်မှုဖြစ်စဉ်အတွင်း Mpox ရောဂါကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ကြသည်။ Mpox သည် အနောက်အာဖရိကတွင် ဆယ် စုနှစ်များစွာကြာ ဒေသအလိုက်ဖြစ်ပွားသည့် ကပ်ရောဂါတစ်မျိုး ဖြစ်ခဲ့သည်။

ကွန်ဂိုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သည့် Mpox ရောဂါဖြစ်စဉ်ကို ပထမဆုံးအကြိမ် အတည်ပြု နိုင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကြေညာခဲ့သည်။

ထို့ကြောင့် Mpox ရောဂါကို ထိန်းချုပ်ရန် ပိုမိုခက်ခဲနိုင်ခြေရှိကြောင်း အာဖရိက သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။

အနောက်နိုင်ငံများတွင် Mpox ရောဂါကို ကာကွယ်ဆေးများ၊ ကုထုံးများနှင် ့ထိန်းချုပ်နိုင်ခဲ့သော်လည်း မကြာသေးမီလများအတွင်း Mpox ရောဂါကူးစက်မှုများရှိကြောင်း ကြေညာခဲ့သည့် နိုင်ငံအချို့တည်ရှိသည့် အာ ဖရိက၏ နေရာဒေသများတွင် ကာကွယ်ဆေးများနှင့် ကုထုံးများ မရှိသလောက် ရှားပါးနေသည်။ ရောဂါကူး စက်မှုကို အဆိုးရွားဆုံးခံခဲ့ရသည့်နိုင်ငံမှာ ကွန်ဂိုနိုင်ငံဖြစ်ပြီး ယခုနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၁၂၀၀၀ ကျော်ရှိခဲ့ကာ သေဆုံးသူ ၄၇၀ ထက်မနည်းရှိခဲ့သည်။

Mpox ရောဂါဖြစ်ပွားမှုကို ၂၀၂၂ ခုနှစ် က နောက်ဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့သည့် တောင်အာဖရိကနိုင်ငံတွင်လည်း ယခုနှစ်အတွင်း Mpox ရောဂါကူးစက်မှု ဖြစ်စဉ်များရှိကြောင်း ကြေညာခဲ့သည်။

Mpox ရောဂါကို အစောပိုင်းက မျောက်ကျောက်ရောဂါဟု လူသိများခဲ့သော်လည်း လူမျိုးရေးခွဲခြားမှုကို ရှောင်လွှဲရန်အတွက် Mpox အဖြစ် ပြန်လည်အမည်ပေးခဲ့သည်။

ထိုရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူများ သို့မဟုတ် တိရစ္ဆာန်များ နှင့်အနီးကပ်ထိတွေ့မိရာမှ ကူးစက်ခံရနိုင်သည့်အပြင် ညစ်ညမ်းသည့်အခင်းများကဲ့သို့ ပစ္စည်းများမှတစ်ဆင့် ကူးစက်ခံရနိုင်ပြီး ဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် အရေပြားယားယံကာ အဖုအပိမ့်များထွက်ခြင်းတို့ကို ခံစားရနိုင်သည်။

၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ဗဟိုနှင့်အနောက်အာဖရိက နေရာများတွင် ယင်းရောဂါဖြစ်ပွား လေ့ရှိသော်လည်း ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အထူးသဖြင့် လိင်တူချစ်သူ အမျိုးသားများနှင့် လိင်တူလိင်ကွဲဆက်ဆံသူ အမျိုးသားများအကြား ယင်းရောဂါ ကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားခဲ့သည်။ Mpox လူနာများတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ဆက်စပ်ရောဂါများ ဖြစ်ပွားလေ့ရှိသည်။

Ref:AFP

Most Read

Most Recent