စက်တင်ဘာ (၆)ရက်တွင်ကျင်းပမည့် အာဒိုဂန်နှင့်ပွဲမှာ အောင်လအန်ဆန်အတွက် ONE Championship နှင့် လက်တွဲအပြီး ပွဲ (၂၀)မြောက် ထိုးသတ်သည့်ပွဲဖြစ်လာမည်

စက်တင်ဘာ (၆)ရက်တွင်ကျင်းပမည့် အာဒိုဂန်နှင့်ပွဲမှာ အောင်လအန်ဆန်အတွက် ONE Championship နှင့် လက်တွဲအပြီး ပွဲ (၂၀)မြောက် ထိုးသတ်သည့်ပွဲဖြစ်လာမည်
Photo: ONE
Photo: ONE
Published 10 August 2024

 

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် စက်တင်ဘာ (၆)ရက်တွင် အမေရိကန်နိုင်ငံ၌ကျင်းပမည့် ONE 168 Denver ပြိုင်ပွဲတွင် တူရကီနိုင်ငံသား အာဒိုဂန် နှင့်ထိုးသတ်မည်ဖြစ်ပြီး ယင်းပွဲမှာ ONE Championship နှင့်လက်တွဲအပြီး ပွဲ (၂၀)မြောက် ထိုးသတ်သည့်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်တွင် MMA တိုက်ခိုက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ONE Championship နှင့် လက်တွဲခဲ့ပြီး ယခုနှစ်တွင် (၁၀) နှစ်ပြည့် မြောက်မည်ဖြစ်သည်။ ထို့ကြောင့် အာဒိုဂန်နှင့်ပွဲမှာ အောင် လအန်ဆန်အတွက် ထူးခြားသည့် မှတ်တမ်းများရှိနေပြီး ONE Championship နှင့် လက်တွဲအပြီး (၁၀)နှစ်ပြည့် သည့်နှစ်တွင် ပွဲ (၂၀)မြောက် ထိုးသတ်ရခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် MMA ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ပြီး တိုက်ခိုက်ရေး အဖွဲ့အစည်းများနှင့် လက်တွဲကာ နောက်ဆုံးတွင် ONE Championship နှင့် စာချုပ်ချုပ်ဆိုခဲ့သလို ကာလအကြာဆုံး လက်တွဲထားသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲအပြီး ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သလို အောင်မြင်မှုများစွာလည်း သိမ်းပိုက်နိုင်ခဲ့သည်။ 

အောင်လ အန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အဖြစ် ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လ၊ ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၁ ခုနှစ် ဧပြီလအထိ ရပ်တည်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ယင်းကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုစလုံးကို နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ONE Championship နှင့်လက်တွဲပြီးနောက် ပထမဆုံးပွဲ အဖြစ် ၂၀၁၄ ခုနှစ် ဇွန် (၁၄)ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ကျင်းပသည့် ONE Era of Champion ပြိုင်ပွဲတွင် မိုဟာမက် ဆာလီမာနှင့် ထိုးသတ်ရာ ပထမအချီမှာပင် အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲအပြီး စုစုပေါင်း (၁၉)ပွဲ ထိုးသတ်ထားရာ (၁၅) ပွဲ အနိုင်ရပြီး (၄)ပွဲသာရှုံးနိမ့်ထားသည်။ အောင်လအန်ဆန် အနေဖြင့် ကစားသမားနှစ်ဦးကိုသာ နှစ်ပွဲစီအရေးနိမ့်ထား ခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ချန်ပီယံခါး ပတ်ကာကွယ်ပွဲနှစ်ပွဲနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ် ဒက်ရှ်ကို  ချန်ပီယံစိန်ခေါ် ပွဲတစ်ပွဲနှင့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ် ပွဲတစ်ပွဲ အရေးနိမ့်ထားခြင်းဖြစ်သည်။ 

ယင်း (၁၉) ပွဲတွင် ပြိုင်ဘက်ကစားသမား (၁၅)ဦးနှင့် ထိုးသတ်ထားပြီး ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် အများဆုံး (၃)ပွဲ အထိ ထိုးသတ်ထားသည်။  ထို့ပြင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါ၊ ဂျပန် နိုင်ငံသား ဟဆဲဂါ၀ါတို့နှင့် နှစ်ပွဲစီထိုးသတ်ထားပြီး ကျန်ကစားသမား (၁၂)ဦးနှင့်မူ တစ်ပွဲစီသာ ထိုးသတ်ထားခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ပြိုင်ဘက်များဖြစ်ခဲ့သည့် ဒီရစ်ဒါအပါအဝင် ကစားသမားအချို့မှာ ONE Championship နှင့် လမ်းခွဲသွားပြီဖြစ်ရာ မစ်ဒယ်ဝိတ်တန်းတွင် ကစားသမားအနည်း ငယ်သာကျန်ရှိတော့ပြီး အောင်လအန်ဆန်အနေဖြင့် လာမည့်ပွဲတွင် နိုင်ပွဲရယူနိုင်ပါက မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ် ခွင့်ရနိုင်မည့် အခွင့်အရေးရဖွယ်ရှိနေသည်။ 

ONE မစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရုရှားနိုင်ငံသား မာလီခင်က ရယူထားပြီး ၎င်းအနေဖြင့် မစ်ဒယ်ဝိတ်တန်းအပြင် လိုက်ဟဲဗီးဝိတ်တန်း၊ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်များလည်း ရယူထားသည်။ အောင်လအန်ဆန်သည် အသက် (၃၉)နှစ်ကျော်ပြီဖြစ်သောကြောင့် နောက်ထပ် နှစ်အနည်းငယ်သာ MMA ပွဲများ ထိုးသတ်နိုင်ဖွယ်ရှိတော့ကြောင်း သိရသည်။

Most Read

Most Recent