နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အမှန်တကယ်အရောင်းအဝယ်မရှိသည့်စျေးနှုန်းများဖြင့် ငွေလဲနှုန်းကမောက်ကမဖြစ်စေရန်  ဆောင်ရွက်နေမှုများ တွေ့ရှိဟု ဗဟိုဘဏ်ထုတ်ပြန် 

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အမှန်တကယ်အရောင်းအဝယ်မရှိသည့်စျေးနှုန်းများဖြင့် ငွေလဲနှုန်းကမောက်ကမဖြစ်စေရန်  ဆောင်ရွက်နေမှုများ တွေ့ရှိဟု ဗဟိုဘဏ်ထုတ်ပြန် 
Published 9 August 2024

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အမှန်တကယ်အရောင်းအဝယ်မရှိသည့်စျေးနှုန်းများဖြင့် ငွေလဲနှုန်းကမောက်ကဖြစ် စေရန်ဆောင်ရွက်နေမှုများ တွေ့ရှိနေရကြောင်း ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် သြဂုတ် ၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းသည့်ကာလများတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် အသေးသုံးနိုင်ငံခြားငွေသားများကို ပံ့ပိုးမှုတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ဆေးကုသရန် သွားရောက်မည့်သူများနှင့် ပညာသင်သွားရောက်မည့်သူများ၊ အစည်းအဝေး တက်ရောက်မည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော Market Online Trading Rate +10 ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သည့် www.cbm.gov.mm တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း၊ နိုင်ငံခြားငွေရောင်းဝယ်မှုအခြေအနေများအား နေ့စဉ်တရားဝင်ထုတ်ပြန် ကြေညာပေးလျက်ရှိသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငွေကြေးတည်ငြိမ်ရေးတို့ကို ပျက်ပြားစေလိုသူ မသမာသူ အဖျက်သမားများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့်ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များစသည်ဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Facebook၊ Telegram၊ Viber စသည် Online Platform မျိုးစုံမှ အမှန်တကယ် အရောင်းအဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်မရှိပဲ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန် နှင့် နိုင်ငံခြားငွေဈေးကွက်ပျက်ပြားစေရန် ဆောင် ရွက်လျက်ရှိသည်ကို အောက်ပါ Page များတွင် တွေ့ရှိနေရကြောင်း ထုတ်ပြန်ထားသည်။ 

၄င်းတို့မှာ (က)    NUGGETS စသည့် Viber Group များ၊  ( ခ )    Hlaing Htet Arkar(nGa wAi), ယူရိုဒေါ်လာရောင်းဝယ်ပို့ဆောင်သူများဆုံဆည်းရာ, ဒေါ်လာရောင်းသူဝယ်သူတိုက်ရိုက်(dollor buyer seller direct), Su Myat Kyaw, US vs BURMA Dollar kyat Trade, ရွှေမင်းဂံငွေလဲဆိုင်၊ Khit Thit Media စသည့် Facebook Page များ, Group များ၊ ( ဂ ) Myo Zaw Aung – GOLD & CURRENCY, Khit Thit Media စသည့် Telegram Channel များစသည်တို့ ဖြစ် သည်။

ယင်းသို့ နိုင်ငံခြားငွေဈေးနှုန်းများတင်ခြင်း၊ ရောင်းဝယ်ခြင်း ပြုလုပ်နေသည်များကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် တရားမဝင်နိုင်ငံခြားငွေများ ဝယ်ယူရောင်းချခြင်း၊ တရားမဝင်ဟွန်ဒီဖြင့် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံတွင်သာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထပ်မံအသိပေးထားသည်။

Most Read

Most Recent