မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်သို့ ဒုံးပစ်လောင်ချာ အလက် ၂၅၀ ဖြန့်ကြက်ထားသည်ဟု နိုင်ငံပိုင်မီဒီယာ ဖော်ပြ

မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်သို့ ဒုံးပစ်လောင်ချာ အလက် ၂၅၀ ဖြန့်ကြက်ထားသည်ဟု နိုင်ငံပိုင်မီဒီယာ ဖော်ပြ
နယ်စပ်ရှိ တပ်ဖွဲ့ဝင်များထံသို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ အမျိုးအစားသစ် အလက် ၂၅၀ ပေးပို့သည့် အခမ်းအနားမြင်ကွင်းတစ်ခုကို သြဂုတ် ၅ ရက်တွင် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ်(Photo:AFP)
နယ်စပ်ရှိ တပ်ဖွဲ့ဝင်များထံသို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ အမျိုးအစားသစ် အလက် ၂၅၀ ပေးပို့သည့် အခမ်းအနားမြင်ကွင်းတစ်ခုကို သြဂုတ် ၅ ရက်တွင် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ်(Photo:AFP)
Published 5 August 2024

မြောက်ကိုရီးယားက ၎င်းတို့၏ တောင်ပိုင်းနယ်စပ်သို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ ၂၅၀ ကို ဖြန့်ကြက်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း ယင်းလက်နက်များသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်ရာတွင် စွမ်းအားကြီးသော အဖိုးတန် လက်နက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

စိမ်းဝါရောင်ရှိသော ရွေ့လျားဒုံးပစ်လောင်ချာများကို ရွှေ့ပြောင်းသည့် အထူးအခမ်းအနားကို သြဂုတ် ၄ ရက်က မြို့တော် ပြုံယမ်း၌ ပြုလုပ်စဉ်အတွင်း ထုတ်ဖော်ပြသခဲ့သည်ဟု နိုင်ငံပိုင် Korean Central News Agency က ဖော်ပြခဲ့သည်။

ယင်းဒုံးပစ်လောင်ချာများသည် ခေတ်မီဆန်းသစ်သော စစ်နည်းဗျူဟာမြောက် တိုက် ခိုက်ရေးလက်နက်ဖြစ်သည်ဟု ကင်က ပြောကြားခဲ့သည်။

ယင်းသည် မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့နယ်စပ်ရှိ တပ်ဖွဲ့ဝင်များထံသို့ စစ်လက်နက်များ ရွှေ့ပြောင်းပို့ဆောင်သည့် ပမာဏကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု ကိုရီးယား စစ်လက်နက်လုပ်ငန်းဆိုင်ရာ လေ့လာရေးအဖွဲ့မှ ဟန်ကွမ်ဟီးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒုံးပစ်လောင်ချာတစ်ခုလျှင် ဒုံးကျည်လေးခု တပ်ဆင်နိုင်ကြောင်းနှင့် မြောက်ကိုရီးယား၏ ရုရှားထံ စစ်လက်နက်များ ပေးပို့မှုသည် မြောက်ကိုရီးယား၏ ဒုံးကျည်အစင်းရေ ၁,၀၀၀ ထုတ်လုပ်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တောင်ကိုရီးယားဘက်သို့ အမှိုက်များ အပြည့်ထည့်ထားသော မိုးပျံပူဖောင်းများ တရစပ်ပစ်လွှတ်ခဲ့ခြင်းကြောင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်အတန်ကြာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းလျက်ရှိသည်။

တောင်ကိုရီးယားကလည်း နယ်စပ်တစ်လျှောက်တွင် အသံချဲ့စက်များဖြင့် ၀ါဒဖြန့် ထုတ်လွှင့်မှုများ ပြန်လည်လုပ်ဆောင်ခြင်းဖြင့် မြောက်ကိုရီးယားကို တုံ့ပြန်ခဲ့ပြီး တင်းမာမှုများ လျှော့ချရန် ရည်ရွယ်သည့် နှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကိုလည်း ဆိုင်းငံ့ခဲ့ကာ နယ်စပ်အနီးတွင် ကျည်အစစ်သုံးသည့် စစ် ရေးလေ့ကျင့်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယားက တောင်ကိုရီးယားကို ၎င်းတို့၏ အဓိကရန်သူအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော ဌာနများကို ဖျက်သိမ်းကာ ၎င်းတို့နယ်မြေအား မဆိုစလောက် ထိပါးလာလျှင်ပင် စစ်ဖြစ်လိမ့်မည်ဟု ခြိမ်းခြောက်ထားသည်။

 ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရမှုများ ဖြစ်ပွားနေစဉ် လက်နက်အသစ်များ ထုတ်ဖော်ပြခြင်းသည် တိုင်းပြည်၏ ကာကွယ်ရေးစွမ်းရည် ခိုင်မာတောင့်တင်းစေရန် တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် ပါတီ၏ ခိုင်မာသော စိတ်ဓာတ်ကို ထင်ဟပ်စေသည်ဟု ကင်က အလေးအနက် ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားတွင် ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပွားနေသော ပျက်စီးဆုံးရှုံးမှုနှင့် လူထိခိုက်သေဆုံးမှုတို့နှင့် ပတ်သက်၍ တောင်ကိုရီးယား မီဒီယာများက မဟုတ်မမှန် ကောလာဟလများ ဖြန့်နေသည်ဟု ကင်ဂျုံအွန်က မကြာသေးမီက ဝေဖန်ပြစ်တင်ခဲ့သည်။                      

Ref:AFP

Most Read

Most Recent